Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

ဂစ်တာအိုနှင့် ကျနော်

Thursday, April 17, 2014 0 comments

အလုပ်လေးရက် ပိတ်ချိန်တွင် အိပ်လိုက် စားလိုက်နှင့် အတော်လေး ဇိမ်ကျလှသော်လည်း ညစ်ပတ် ရှုပ်ပွနေသော ကျနော်တို့ နေအိမ်ကိုတော့ ရှင်းဖြစ်အောင် ရှင်းလိုက်ရသည်။ တော်ကြာ စပါးကြီးမြွေပါ တက်နေဦးမည်။ အဘယ်ကြောင့် ဆိုသော် ကျနော်တို့နေသော အရပ်ဒေသသည် အခြားမြွေတွေ များ မများတော့ မသိ။ စပါးကြီးမြွေကတော့ အလွန်ပေါသည်။

ဟော ... တွေ့ပြန်ပြီတစ်ကောင် ... ဟော ... မနက်လေးနာရီလောက် အလုပ်သွားချိန် လမ်းမှာ ကန့်လန့်ဖြတ်ကြီးနဲ့ တွေ့ပြန်ပြီတစ်ကောင် ... ဟော ... ရေကန်က အပြန် ... လမ်းဘေး ခြုံထဲမှာ ဖမ်းနေကြပြန်ပြီ တစ်ကောင်၊ အမျိုးမျိုး သတင်းကြားနေရသည်။ အိမ်သန့်ရှင်းရေး လုပ်ရမှာနဲ့ မီးဖိုချောင်ထဲ ၀င်ရမယ့် အလုပ်ဟာ ကမ္ဘာပေါ်မှာ ကျနော့်ရဲ့  အပျင်းဆုံးနဲ့ စိတ်မရှည်ဆုံး အလုပ်ပါပဲ။ ဒါပေမယ့် အဲဒီ သတ္တ၀ါကြီးများကို ကြောက်တာနဲ့ အိမ်က ချာတိတ် ကောင်လေးတွေကို ဆူညံ ပူညံလုပ်ပြီး ကြွက်သိုက်လို ဖြစ်နေတဲ့အိမ်ကို ရှင်းလိုက်ရသည်။

စက္ကူပုံး၊ ပလပ်စတစ်၊ စက္ကူအစုတ်၊ ဖတ်ပြီးသား ဂျာနယ် မဂ္ဂဇင်းနဲ့ အခြားစာစောင်တွေ၊ အ၀တ်စုတ်၊ ကြွက်သိုက်၊ ကြောင်မွေးနဲ့ ခွေးမွေးတွေ။ စဉ်းစားသာ ကြည့်ပေတော့ ... ဘယ်လောက် နေချင်စဖွယ် ကောင်းသလဲလို့။ အဲ ... ဒါပေမယ့် ... အိပ်တဲ့ အခန်းထဲမှာတော့ မဟုတ်ဘူးပါ။ အထူး ဧည့်သည်တွေကို ဧည့်ခံဖို့ ဧည့်ခန်းနဲ့ အချို့သော တချို့သော နေရာတွေမှာပင် ဖြစ်ပါသည်။

ရှင်းနေရင်း ရှင်းနေရင် အခန်းထောင့် တစ်နေရာမှာ ဖုန်တွေ အလိမ်းလိမ်းတက်ပြီး ကြိုးတွေပြတ်နေတဲ့ ကျနော့်ရဲ့ ဂစ်တာအိုကြီးကို ပြန်တွေ့လိုက်ရသည်။ ရင်ထဲမှာ နင့်ခနဲနေအောင် မပြောပြနိုင်လောက်သော ဝေဒနာများကို ခံစားရမိလိုက်သည်။ ခုမှ သတိရသည်။ သူ့ကို ကျနော် ပစ်ထားသည်မှာ နှစ်အတော်အတန် ကြာခဲ့ပြီပဲ။ သူ့ရဲ့ ကျေးဇူးများ ကျနော့် အပေါ်တွင် မပြောပြနိုင်လောက်အောင် ရှိခဲ့ဖူးသည်။

တချိန်က သူသည် ကျနော် စိတ်ရိုင်း ၀င်လာလျှင် စိတ်အာရုံ နောက်လျှာင် စိတ်တည်ငြိမ်အောင် သူ ထိန်းကျောင်း ဖျောင်းဖြပေးခဲ့သည်၊ အနုပညာနှင့် ဝေးကွာသည့် ကျနော့်အား ဂီတအနုပညာကို ခံစားတတ်အောင်၊ သီချင်းဆိုရာတွင် ငှက်ကလေးများလောက်ပင် အသုံးမကျသော ကျနော့်ကို သီချင်းတွေ သီချင်းဆို တတ်လာအောင် မြောက်များစွာသော အတွေ့အကြုံများကို သူ သွန်သင်ပေးခဲ့ဖူးသည်။ သူကြောင့်ပင် ကြမ်းတမ်းလှသော ကျနော့် စိတ်စရိုက် ကျနော့် လက်ချောင်း ကလေးများသည် နူးညံ့ပျော့ပျောင်း သွားခဲ့ရသည်။ သူ့ကြောင့်ပင် ကျနော် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် ပိုမိုထိတွေ့ခွင့် ရခဲ့သည်။

ကျနော်ဘာကြောင့် ကျေးဇူးမျက်နှာကို မထောက်ထား မညှာတာဘဲ သူ့ကို ချောင်ထိုး ခဲ့မိပါလိမ့်။ အသေအချာ ပြန်စဉ်းစား မိသေးသည်။ စဉ်းစား၍မရ ... ဘယ်လိုမှ စဉ်းစား၍မရပါ ... သေချာတာ တစ်ခုက ကျနော် လူငယ်ပီပီ အပျော်ကျူးလွန်ခဲ့တာ ဖြစ်နိုင်သည်။ အဟောင်းသွား အသစ်လာ၊ အသစ်မြင် အဟောင်းမေ့သွားတာလဲ ဖြစ်နိုင်သည်။ ဂစ်တာအိုကြီးကို ကျနော် အ၀တ်တစ်ခုဖြင့် ဖုန်များကိုခါ၊ ကြိုးအဟောင်းများကိုဖြုတ်၊ ဂစ်တာ တစ်လုံးလုံးကို ပြောင်နေအောင် ပွတ်တိုက် လိုက်သောအခါ သူ၏ ခန့်ညား ထည်ဝါသော သွင်ပြင်သည် ရုပ်လုံးပေါ်လာတော့သည်။

သို့သော် ဂစ်တာအိုးထဲတွင် “ဂလောက် ... ဂလောက်” နှင့် အသံမြည်သည်ကို ကျနော် ဘ၀င်မကျ၊ ထို့ကြောင့် အထဲသို့ ချောင်းကြည့် လိုက်သည်။ ထိုအခါ ဂစ်တာကြိုးခတ်သည့် Plectrum များ၊ သီချင်းစာအုပ်နှင့် ဂစ်တာကြိုး အဟောင်း မြောက်များစွာကို တွေ့လိုက်ရသည်။

၎င်းအရာများကို တွေ့မြင်လိုက်ရမှပင် ကျနော့်၏ အတွေးများသည် ဂစ်တာသင်ခါစ အသက် ၁၈ နှစ်ဝန်းကျင် အရွယ်သို့ ပြန်ရောက် သွားသည်။ ကျနော့် အနောက်တွင် အခန်းရှင်းနေကြသည့် အိမ်မှ ကလေးများကတော့ ကျနော့်အား မျက်စောင်းထိုး၍ မေးငေါ့ပြီး “စဂေါက်တော့မယ်” ဟု ပြောမည်မှာ မုချမလွဲပင်။ ဘာဖြစ်ဖြစ် ကျနော် သူတို့ကျနော် ကရုမစိုက်၊ ကျနော်သာ သည်ဂီတာ အိုကြီးကို ကျေးဇူးကန်းစွာ ချောင်ဆက်ထိုး ထားခဲ့ဦးမည် ဆိုပါလျှင် ...

အဉ္ဇလီ

ရေခဲရေ ယဉ်ကျေးမှု

Thursday, March 6, 2014 3 comments

~



 

 -
မြန်မာပြည်မှာ လမ်းဘေးရေခဲရေရောင်းသူကို ရန်ကုန်မြို့မှာပဲ တွေ့နိုင်မယ်လို့ ယူဆရပါတယ်။ အခုတော့ ရေခဲရေသည် နည်းနည်းပဲ ရှိပါတော့တယ်။ သောက်တဲ့သူလည်း နည်းနည်းပဲ ရှိပါတော့တယ်။

ရန်ကုန်စတိုင် ရေခဲရေ ဆိုတာက ရေပုံးထိပ်မှာ ရေခဲတုံးတင်ဖို့နေရာရှိမယ်၊ ရေကို ရေခဲပေါ်လောင်းချပြီး အောက်က ခွက်နဲ့ ခံမယ်၊ လာဝယ်သောက်သူကို ပေးလိုက်မယ်။ ရေခဲတုံးကနေ ရေတွေက ပုံးထဲကို တစက်ပြီးတစက် ကျနေလိမ့်မယ်။ အပူဒဏ်ကို တန်ပြန်ချင်လို့၊ ရေဆာလို့ ၀ယ်ကြတယ်၊ သောက်ကြတယ်။ 
ခေတ်က သောက်ရေသန့်ခေတ်ကို ရောက်လာပြီ ဆိုတော့ ရေပုလင်းကို ရေခဲပုံးထဲ၊ ရေခဲသေတ္တာထဲ ထည့်ရောင်းလာကြပါပြီ။
ရေခဲရေ အရောင်းထိုးကျသွားခြင်းက အအေးဓာတ်ကို လူကြိုက်နည်းသွားလို့ မဟုတ်ပါဘူး။ ရေကို ပုလင်းသွပ်ရောင်းတဲ့ခေတ်ကို ရောက်လာလို့ပါပဲ။

လမ်းဘေးရေခဲရေဟာ
  • ရေသန့်ရှင်းမှု
  • ခွက် နဲ့ ရေပုံး သန့်ရှင်းမှုတွေမှာ အားနည်းကောင်း အားနည်းမယ်။
  • နောက်ထပ်အားနည်းချက်ကတော့ ရောင်းတဲ့နေရာရဲ့ သန့်ရှင်းရေး။ ရောင်းတဲ့သူရဲ့ သန့်ရှင်းရေးပါပဲ။ ရောင်းတဲ့သူရဲ့လက်က နေရာမရွေး ရောက်တတ်ပါတယ် - နှာခေါင်းထဲရောက်နိုင်သလို ချိုင်းကြားထဲလည်း ရောက်နိုင်တယ်။ ဟိုပစ္စည်းကောက်ကိုင် ဒီပစ္စည်းကောက်ကိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ လမ်းဘေး ဆိုတော့ ရေထဲ ဖုန်ဝင်တာမျိုးလည်း ကြုံရနိုင်မယ် မဟုတ်လား။
အားသာချက်တခုကတော့ ရေကို ဝေးဝေးယူသွားလို့ရအောင် ပုလင်း ဆောင်ထားကြပါပြီ။ ၀ယ်သူရဲ့လက်ထဲ ပုလင်းလွတ် ပါလာဖွယ် မရှိပေမယ့် ရောင်းသူဆီမှာတော့ ပလပ်စတစ်ပုလင်းခွံတွေ ရှိနေတတ်ပါတယ်။ ဘယ်ကနေ ၀ယ်သလဲ ယူသလဲ မသိပါ။

တခြားနိုင်ငံတွေမှာ လမ်းဘေးမှာ ရေကို ပုံးနဲ့ ထည့်ရောင်းတာမျိုး ရှိပါ့မလား။ မထင်ပါဘူး။ ဒါဟာ ရန်ကုန်စတိုင်ဖြစ်နိုင်ပါတယ်။ တခြားနိုင်ငံမှာ ရှိမယ် ဆိုရင်လည်း ရေပုံးကို ခွက်နဲ့ခေါက်ပြီး ရေခဲရေ ရေခဲရေ လို့ အော်ရောင်းချင်မှ ရောင်းပါလိမ့်မယ်။ အဲ… ရန်ကုန်က ရေခဲရေသည်တွေလို ရေပုံးကို ခွက်နဲ့တဂွပ်ဂွပ်ခေါက်ပြီး ဈေးခေါ်တာမျိုးလည်း လုပ်ကောင်း လုပ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ဆိုရင် ရန်ကုန်က ရုပ်ရှင်ရုံတွေရှေ့မှာ ဘတ်စ်ကားမှတ်တိုင်တွေမှာ ရေခဲရေသည်တို့ကို တွေ့ရမှာပါ။
ရုပ်ရှင်ပြီးချိန်ဆိုရင် တဂွပ်ဂွပ် ခေါက်သံက ပိုကျယ်လာပါတယ်။ ရုံထဲက ပြုံဆင်းလာတဲ့လူအုပ်ထဲမှာလည်း ရုံထဲကအထွက် ရေခဲရေ သောက်လိုက်ရမှ အာသာပြေမယ့်သူ အများအပြားဆိုတော့ ခွက်ခေါက်သံနဲ့ ဆီးကြို အချက်ပြရပြီလေ။
ပုလင်းသွပ်ရေ ခေတ်မစားခင်က ဆိုရင် ရန်ကုန်သား ရန်ကုန်သူတို့သာမက ရန်ကုန်ကိုရောက်လာတဲ့ မြို့အသီးသီးကလူတွေလည်း ရေခဲရေကို အားပေးဖူးကြပါလိမ့်မယ်။
ရေခဲရေဆိုရင် သိပ်ကြိုက်တတ်တဲ့ထဲမှာ ထိုင်း၊ အမေရိကန်တို့က ထိပ်ဆုံးမှာ ရှိတတ်ပါတယ်။ သို့သော်လည်း သူတို့တွေ ရန်ကုန် အလည်ရောက်တဲ့အခါ လမ်းဘေးက ရေခဲရေကို မြည်းကြမယ် မထင်ပါဘူး။

ကဲ…လမ်းဘေးမှာ သောက်သုံးသူစောင့်နေတဲ့ ရေခဲရေသည် ရန်ကုန်မှာ ဘယ်နှစ်ဦး ကျန်ပါသလဲ။
မကျန်တော့ဘူးထင်တယ်၊ မတွေ့တော့သလိုပဲ လို့ တချို့က ဖြေပါလိမ့်မယ်။
တချို့ကလည်း ငါးဦးလောက် ရှိမယ်လို့ ပြောပါလိမ့်မယ်။
ဆယ်ဦးထက် မပိုတာ သေချာတယ်လို့ ခန့်မှန်းသူလည်း ရှိမှာပါ။

သေချာတာကတော့ ရေခဲရေရောင်းသူ နည်းနည်းလာခြင်းပါပဲ။ အအေးခန်းထဲကရေပုလင်းကို ၀ယ်သောက်ဖို့ ခက်ခဲနေသူတွေ ရှိနေသရွေ့တော့ ပလက်ဖောင်းဈေးသည်များထဲ ရေခဲရေရောင်းသူ လွယ်လွယ်နဲ့ ပျောက်သွားမယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။




.


မိခင်တဦးရဲ့ တမ်းချင်း

Thursday, May 10, 2012 1 comments



ဘာရာဒွါဂျာ (မြန်မာပြည်)



မြန်မာစာပေမှာ တမ်းချင်းတို့၊ ညည်းချင်းတို့ဆိုတဲ့ ကဗျာလေးတွေ ရှိပါတယ်။ တမ်းချင်း ဆိုတာကတော့ တမ်းတလွမ်းမောတဲ့ သဘော သက်ဝင်ပြီးတော့ ညည်းချင်းကတော့ ညည်းညူတဲ့သဘော သက်ဝင် ပါတယ်။ ကျွန်မကတော့မိခင်တဦးအဖြစ် ပြောဆိုသံတွေဟာ ညည်းချင်းတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူး လို့ ထင်လို့ တမ်းချင်းလို့သာ ဆိုလိုက်ပါတော့တယ်။

မိခင်ရဲ့ညည်းချင်းဟာ စာဆိုများရဲ့ ညည်းချင်းလို ခိုင်မြဲမှု ကင်းပါတယ်။ စေတနာတွေ၊ မေတာတွေ က လွှမ်းခြုံထားသမို့ တခဏအတွင်းမှာပဲ ပျောက်ကွယ်သွားတာပဲလေ။ ဒါဆိုမိခင်ရဲ့ တမ်းချင်းဟာ ဘာများဖြစ်နိုင် ပါလိမ့်။ လောဘတွေလား၊ အဲဒီ့နောက်ကပါလာမယ့် ဒေါသတွေ၊ မောဟတွေလား ဒါမှမဟုတ် မက်မော တွယ်တာ စရာတွေ လား။ အချစ်တွေလား။ သံယောဇဉ်တွေလား။ အာဃာတတွေ လား။ မချိတင်ကဲဖြစ်မှုတွေလား။ သံသယ တွေလား။ မကျေနပ်မှုတွေလား ဆိုတော့ ကျွန်မရင်ထဲ အားလုံး ရြေွာပမ်းမွှေနှောက်နေပါပြီကော။

တမ်းတဖွယ်ရာလို့ ဆိုတော့ မနှစ်မြို့စရာကောင်းတဲ့ခံစားမှုတွေဟာ မိခင်ဖြစ်တဲ့ကျွန်မ အတွက် သိပ်မကြာတဲ့ ကာလအပိုင်းအခြားမှာပဲ မှေးမှိန် ပျောက်ကွယ်သွားပြန်ပါလေတော့ မိခင်တဦးရဲ့ ခံစားချက်ဟာ တမ်းတမျှော် လင့်ခြင်းတွေနဲ့ပဲ ပြည့်နှက်ပြန်တယ်လို့ ဆိုရင်လည်း မမှားတန်ကောင်းပါဘူး။

မိခင်ဖြစ်လာမယ်မှ မကြံသေးဘူး၊ ကျွန်မမှာတော့ မိခင်လောင်းဖြစ်စကပဲ ရင်သွေးလေးကို အသား ညိုမှာကြောက်ရ၊ အသားမည်းလေး ထွက်လာမှာ စိုးရိမ်ရ။ အင်းလေ ကျွန်မကလည်းအသား ညို၊ ခင်ပွန်းသည်က လည်း အသားညိုဆိုတော့ မည်းများမည်းသွားရင်ပေါ့။ Ultrasound ရိုက်လို့ သမီးလေးမှန်းလည်းသိရော အပူလေး တပူက ဆောင့်ပြန်တာက ငါ့သမီးလေး တအားများ ချောနေလှနေရင်လည်း ဒုက္ခ၊ ရုပ်ချောလွန်းတော့ မျက်နှာများသူ ဖြစ်တတ်ပြန်တာကိုး။ ရုပ်က ဆိုးနေပြန်လည်း သူ့ခမျာ အားငယ်ရှာမှာကို စိတ်ပူလိုက်ရနဲ့ မိခင်တဦးရဲ့ တမ်းချင်းဟာ မောဟိုက်စရာပါပဲ။

မိခင်ဖြစ်လာတဲ့နေ့ကစလို့ ကျွန်မမှာ လောဘတွေဟာ ဦးနှောက်တခုလုံးမှာ ထိန်းမနိုင် သိမ်းမရကို နေရာယူလိုက်တာ ကလေးတွေ ကြီးလာတဲ့အထိပါပဲ။ အမေဟာ သားတွေ သမီး တွေကို အကောင်းဆုံးတွေအားလုံးကို ပိုင်ဆိုင်စေချင်တယ်လေ။ သားကို ကျွန်မဘဝရဲ့ အုတ်တံတိုင်းကြီး ဖြစ်စေချင်သလို သမီးလေးကျပြန်တော့လည်း ဧည့်ခန်းထဲက ပန်းလေးတပွင့်လို တင့်တယ်စေချင်လိုက်တာ။ ကလေးတွေအဖေကျပြန်တော့လည်း ကိုယ်ကျင့်တရားလေး ကောင်းစေချင်လွန်းလိုက်ရတာ၊ ပွဲလေးလမ်းလေးရှိလို့ အရက်လေး နည်းနည်း သောက်လာရင်ပဲ ကျွန်မမှာ ပုတီးကြီးတန်းလန်းနဲ့ အမျက်ဒေါသက မပြေနိုင်။ ငါ့သားငါ့သမီးတွေ ဂုဏ်ငယ်ရချည်ရဲ့ပေါ့။ ဒီတော့ ဉာဏ်ကြီးရှင် သမီးက မေမေ့မှာလည်း လောဘတွေ၊ အတ္တတွေနဲ့ လောင်မြိုက်နေလိုက်တာ မေမေရယ်လို့ မှတ်ချက်ချယူရတဲ့အထိပါပဲ။

မိခင်ဘဝဆိုတဲ့လမ်းကိုလျှောက်ခဲ့တာ ဆယ်စုနှစ်နဲ့ ရေတွက်လိုက်ရင် နှစ်စုမက သုံးစုနီးပါးရှိလာတဲ့အခါ မိခင်ဟာ တကယ်တော့ တမ်းချင်းတပုဒ်ကို ထွက်သက်ဝင်သက် ကုန်တဲ့အထိများ ရေးသွားနေမလားဆိုတဲ့ ကြောင့်ကျစိတ်ကလေးဟာ ကျွန်မရင်ထဲ ရှိနေတာအမှန်ပါပဲ။ အာနာပါနကိုသိပေမယ့် သိတဲ့နေရာလေးက ရွေ့လျားမသွားနိုင် တဲ့ ကျွန်မလိုမိခင်တွေ ဘယ်လောက်များ ရှိပါလိမ့်။

မိခင်ဟာ သားသမီးများအတွက် စစ်သူကြီးဆိုရင် သူဘယ်လိုတိုက်ပွဲတွေကို ငြိမ်ငြိမ်လေး လူသူလေးပါးမသိ အောင် ဆင်နွှဲခဲ့ရပါလိမ့်။ မိခင်ဟာ သားသမီးများအတွက် ဂီတစာဆိုတဦး ဆိုရင်ကော၊ သူဟာ ညပေါင်းများစွာ ဘယ်သူမှမသိအောင် အိပ်ရေးအပျက်ခံပြီး သံစဉ်တွေကို ရှာခဲ့ရပါလိမ့်။ မိခင်ဟာ သားသမီးအတွက် ဘဏ္ဍာတိုက် ကြီးဖြစ်ရင် မိခင်ရဲ့ ဦးနှောက်ဟာ ကြင်ဖော်တောင် မသိလိုက်ဘဲ ဂဏန်းပေါင်းစက်တလုံးဖြစ်ခဲ့တာ ကြာခဲ့ပါပကော။

ဘဝရဲ့အောင်မြင်မှုဟာ မိခင်တဦးအတွက် သားသမီးလေးတွေရဲ့ ထွက်ပေါ်လာတဲ့ သဏ္ဌာန်ပေါ်မှမူတည် နေတယ်လို့ ဆိုပြန်တော့ စာကျက်ပျင်းတဲ့သားငယ်ရဲ့ မသိကျိုးကျွန်ပြုလိုက်တဲ့ဟန်လေးကို မြင်ယောင်မိဆဲပါပဲ။

မေမေ့ဘဝရဲ့မှတ်တိုင်ဟာ မေမေ့သားတွေ၊ သမီးတွေရဲ့ အောင်မြင်မှုပဲလို့ ခဏခဏပြောတဲ့အခါ ခင်ပွန်းသည်က ကြီးကျယ်ရန်ကောဆိုတဲ့ မျက်နှာထားနဲ့။ ဒါဟာ တကယ့်ကို အမှန်တရားလို့ ကျွန်မကဆိုတဲ့အခါ သားသမီးမကောင်း၊ မိဘခေါင်း ဆိုတော့ ... ။ ကျွန်မ ချန်ထားရစ်ခဲ့မယ့်မှတ်တိုင်လေးတွေ အတွက် ကျွန်မ ရေရွတ်လိုက်တဲ့ တမ်းချင်းတကြောင်းဟာ ပန်းလျစရာပါပဲ။

သိမ်မွေ့နူးညံ့တဲ့လမ်းကိုလျှောက်နေတဲ့ ကျွန်မရဲ့ မိခင်ဆိုတဲ့ မြေနီလမ်းလေးဟာ ကြမ်းတဲ့အခါလည်းကြမ်းသလို ချောမွေ့တဲ့အခါလည်း သိပ်ကိုနှစ်လိုဖွယ်ပါပဲ။ ကျွန်မဟာ လောကဓံရှစ်ပါးကို နားလည်ပေမယ့် အော် ... သားသမီးနဲ့ကျတော့ လက်တွေ့မခံစားနိုင်တာ ... မိခင်လား သမီးရယ်။

မိခင်ဟာ သူငယ်ချင်းနဲ့လည်းတူရပြန်တော့ ကျွန်မဟာ ခေတ်နဲ့အမီလိုက်ရပြန်ရော။ မျောလွင့်နေတဲ့တိမ်- စိတ္တဇဆန်တဲ့ဒီမိုးများကိုလည်း သိအောင် လုပ်ရသလို… အင်တာနက်ရဲ့chattingကိုလည်း မျက်စပစ်ရပြန်သေး။ မိခင်ဟာ သားသမီးတွေရဲ့ ယုံကြည်မှုကို ရယူသင့်ပြန်တော့ ကျွန်မရဲ့တမ်းချင်းဟာ လွမ်းမောဖွယ်မဟုတ်တော့ပြန်ဘဲ အင်တာနက်ခေတ်ရဲ့ အမြင်တွေကို ဆွေးနွေးနိုင်အောင် ကြိုးပမ်းရပြန်ပါရောလား။

ငါ့အတွက်ရောလို့ ခဏခဏမေးတတ်တဲ့ ခင်ပွန်းသည်ကိုတော့ အပြုံးနဲ့သာတုံ့ပြန်ပြီး စိတ်ထဲကတော့ ကျွန်မ တူမလေးတယောက် လင်ကောင်းသားကောင်း ရသွားတာကို စဉ်းစားရင်း ငါ့သမီးလေးလည်း အဲသလိုဆို သိပ်ကောင်းမှာပဲ ဆိုတဲ့အတွေးသာ ကြီးစိုးနေတာဖြင့် ဘယ်သူမှတောင် မရိပ်မိလိုက်ပါဘူး။ သမီးရေ ရည်းစား ထားရင် လူသိအောင် မထားရဘူး၊ အင်း ... အိမ်ထောင်ပြုရင်တော့ လူသိရှင်ကြားပြုရတယ်လို့ ကျွန်မမကြာခဏ ပြောရင်း ... အင်းလေ ကိုယ်က ပြောပဲပြောနိုင်တာ နားမှထောင်ပါ့မလားဆိုတဲ့ သံသယစိတ်ကလေးက တစွန်းတစ။ ကိုကို ... သားက အရွယ်တော်တော်ရောက်လာပြီနော် ... မအေပြောလို့ မတင့်တယ်တဲ့ ဆောင် ရန်၊ ရှောင်ရန်လေးတွေ ပြောဦး၊ ကျွန်မပြောရင် ကလေး နားရှက်မှာစိုးလို့၊ ရောဂါတွေကလည်းကြောက်စရာ ကောင်းပါဘိနဲ့နော် လို့ ပြောပြန်တော့ သြော်... ကျွန်မကပဲ သည်းသတဲ့၊ လွန်လွန်းအားကြီးသတဲ့။

စစ်သူကြီး ကျွန်မ လက်နက်ချရတာလည်း ခင်ပွန်းသည်အပေါ် အကြိမ်ကြိမ်ပေါ့၊ သြော်... တမ်းချင်းကို ဆိုရရင်တော့ မကုန်နိုင်အောင်ပါပဲ။ မိခင်ဖြစ်မှတော့ အလံဖြူကို သားအတွက်ပြရ၊ သမီးအတွက်ပြရပေါ့။ ကျွန်မဘဝဟာ မိခင်အဖြစ်ရောက်ခဲ့ရလို့ မြင့်မြတ်လှပါတယ်ဆိုရင် ... ကျွန်မရဲ့ လောဘတွေ၊ ဒေါသတွေ၊ အတ္တတွေဟာ အဖြူရောင်လောဘတွေ၊ အဖြူရောင်ဒေါသတွေ၊ အဖြူရောင်အတ္တတွေပဲ ဖြစ်ပါလိမ့်မယ်။

graphic - www.cfswestern.mb.ca



ဇယားနွံထဲကျွံနေတဲ့ အတွေးအခေါ်များနဲ့ တို့ပိုင်တဲ့မြေ

Friday, February 4, 2011 1 comments

မြင်ခွင့်ရသလောက်ကနေ မြင်နိုင်ကြည့်နိုင်သလောက်ကောင်းကင်ထဲကို ပြန်ရောက်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ အနာဂတ်မျိုးဆက်သစ်လေးများက သူတို့တိုးချဲ့သလောက် ချဲ့တိုးထားတဲ့ ကောင်းကင်မှာ ဘာအမှာစကားပါးရမလဲ နူတ်ဆက်စကားပါးရမလဲ တောင်းဆိုသံတွေထဲ စိတ်လှုပ်ရှားခဲ့ရတယ်။

အသက်၂၀ သမီးငယ်လေးရဲ့ဝန်းကျင်နဲ့ မျိုးဆက်အတွက် ကမ္ဘာကြီးလည်းကြည့်ရှုစေတော့ဆိုပြီး ချရေးဖြစ်လိုက်တယ်။ ဘယ်ခေါင်းစဉ်အောက်ကို ဝင်မလဲ ဝေခွဲမနေတော့ပါဘူး။ ခံစားမှုစစ်စစ်ဆိုတာ ရဲဝံ့နေမိတယ်။ ချစ်သော သမီးငယ်လေးသို့

() လက်တွေ့မလုပ်နိုင်တဲ့ လေ့လာမှု၊ အတွေးအခေါ်၊ အပြောအဆိုမှန်သမျှ၊ အဓိပ္ပါမရှိဘူး။

() အဖေအမေဆိုတာ သားသမီးတိုင်းရဲ့ အောင်မြင်မှုတိုင်းအတွက် ထာဝရအထက်တန်းစား မေတ္တာရှင် သုခမိန် ဖြစ်တယ်။

() “ပျင်း”တာရယ် “ပြော”တာရယ်လုပ်နေတတ်တဲ့ မိန်းခလေးဆိုတာ မိန်းမ“ပျက်”ကလွဲပြီး ဘာမှမဖြစ်နိုင်ဘူး။

() လူငယ်တိုင်းရဲ့ အိမ်မက်မက်ခွင့်နဲ့ အိပ်မက်တိုင်းကို ကြိုဆိုပါတယ်၊ ဒါပေမယ့် လူနဲ့ ပတ်ဝန်းကျင် အကျိုးရှိတဲ့ အိပ်မက်ပဲဖြစ်ရမယ်။

() ဘာလုပ်လုပ် “အမှန်”“တကယ်”လုပ်ပါ။

သူ့ကောင်းကင်ကိုတင်ဖို့ နံပါတ်သုံးအချက် ပသုံးလုံးကြောင့် ပထမ သဘောမတူဘူး။ သုံးရက်လောက် သူနဲ့ ရွယ်တူ စစ်တမ်းကောက်ကြည့်တော့ သူကိုယ်တိုင် သဘောကျပြီး ကောင်းကင်ပေါ်တင်ရုံမကပဲ သူ့အိပ်ခန်းရဲ့ နံရံမှာပါ ကပ်ထားတော့တယ်။ ကျေးဇူးပါသမီးငယ်လေး။

သူကနေသားကျသွားပေမယ့် ကိုယ်၌ကနေသားမကျနိုင်။ ဒီဘက်ခေတ်မျိုးဆက်တွေက ဒီလိုဇယားဆန်တဲ့ စာရင်းဆန်တဲ့ အတွေးအခေါ်များနဲ့ ထိတွေ့ခွင့်ကို ကြည်နူးပါ့မလား။ လား? ပေါင်းများစွာနဲ့ ယောက်ယက်ခတ်နေခဲ့တယ်။ အတွေးဟာ ကျယ်ပြောပြန့်ကားစွာ ခရီးဆန့်တယ်။

တို့ရဲ့မြန်မာသိုက်မြှုံ ရဟတ်မှာရော လူကြီးတယ်၊ အရှိန်အဝါကြီးတယ်၊ ငွေကြီးတယ်ဆိုပြီး သူချထားတဲ့ စာရင်းဇယားထဲမှာ ဘာဖြစ်ဖြစ် ဖြစ်အောင်လုပ် ဖြစ်အောင်သွားဆိုတာက အမှန်လား။ ကိုယ်၌က ကိုယ့်သမီးအရွယ် မျိုးဆက်တွေကို အမှန်လို့ကိုယ့် အတွေ့အကြုံရယူဆတဲ့ အတွေးအခေါ် စာရင်းကြီးနဲ့ ချုပ်ထားလို့အမှန်လား ဆက်တိုက် ကျယ်ပြောပြန့်ကားကြည့်တော့ “ချဲ့ထွင်” တာကို တွေ့လာတယ်။ ဘာကိုချဲ့ပြီး ဘာကိုထွင်သင့်သလဲ။ အမှန်ကိုချဲ့ရမှာပေါ့။ ဘာအမှန်လဲ ကမ္ဘာလုံးဆိုင်ရာ အမှန်တရား။

ဘာကိုထွင်သင့်လည်း လူနှင့်လူ့ပတ်ဝန်းကျင်သာယာငြိမ်းချမ်းဖို့တွေပဲ တီထွင်သင့်တာပေါ့။

စာလုံးတလုံးကို ဖတ်နေကျ စာဖတ်သူ သံခိတ်မဂ္ဂဇင်းထဲက တွေ့ရတယ် ထွင်ထားတဲ့စကားလုံးပါပဲ ဆင်းရဲသားများရဲ့ ချန်ပီယံတဲ့ အဓိပ္ပာယ်ကို မတွေးရဲမတွေးရက်လောက်အောင်ထွင်နိုင်တဲ့ စကားလုံးပါပဲ။ ရင်ကိုချိနဲ့ သွားစေတယ်။

တီထွင်မှုကို လေ့လာမိသလောက် လွန်ခဲ့တဲ့ ခရစ်ကြိုခြောက်ရာစုက ဂေါတမသိဒ္ဓတ္ထဟာ လွတ်လွတ်လပ်လပ်တွေးခေါ်၊ စုဝေး၊ ဟောပြော ရေးသားမှုကို လူသားအားလုံးအတွက် “စွန့်ဦးတီထွင်သူ”ပါပဲ။ ဆီသည်မလက်သုပ်ဝတ်ပါပဲ။ ခေတ်စားနေတော့ ပြောလိုက်အုံးမယ်။ ဒီမိုကရေစီပေါ့။

ဘာထရန်ရပ်ဆဲ” ဆိုတဲ့ကမ္ဘာကျော်စာပေပညာရှင်ကြီးကတော့ ဒီမိုကရေစီဆိုတာ အစိုးရကောင်းတွေကိုတော့ မဖြစ်ပေါ်စေနိုင် မကောင်းဆိုးဝါးများကိုတော့ တားဆီးနိုင်တယ်လို့ပြောပါတယ်။

ကိုယ်၌ကတော့ ဒီမိုကရေစီဆိုတာထက် လွတ်လပ်စွာကွဲလွဲခွင့်ကို ရှင်သန်ခြင်းအားဖြင့် အမှန်တရားကို ရောက်ဖို့ အနီးဆုံးလမ်းလို့ပြောချင်တယ် ကျင့်သုံးချင်တယ်။

နိုင်ငံတိုင်းမှာရော နိုင်ငံတိုင်းဘယ်လို အစိုးရပဲအုပ်ချုပ်ပါစေ အနုပညာရှင်၊ အတတ်ပညာရှင်၊ အသိပညာရှင် ဖန်တီးသူတွေဟာ တိုင်းပြည်ရဲ့ တံခွန်ဖြစ်တယ်။ ဒါကြောင့် ဒီလိုလူမျိုးတွေဟာ အမှန်တရား(တကမ္ဘာလုံးချီအမှန်တရား) ဘက်ကလွဲပြီး ဘယ်ဘက်မှ လိုက်ဖို့မလိုဘူး၊ ဒီလိုပဲ စတုတ္ထမဏ္ဍိုင်ဆိုတာ အမှန်တရားမှာပဲ ခိုင်မာစွာ စိုက်ထူရမယ်၊ ဒါမှတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာတံခွန်ဟာ တလူလူလွင့်နေမှာ ဖြစ်တယ်။ ကိုယ်၌ကတော့ အဲဒီမှာ နေထိုင်ဖို့ပဲအမြဲဖြစ်တယ်။ နေရာချထားမှုကတော့ လူနဲ့ လူ့ပတ်ဝန်းကျင်နဲ့ ဘုရားသခင်ရဲ့အလုပ်ပဲဖြစ်တယ်။


ဒီနေ့နိုင်ငံရေးရဲ့ အောင်မြင်ဖို့ရာမှာ ကိုယ်၌အမြင်ကတော့ ပြတ်သားလာပါပြီ။ အောင်မြင်ဖို့ရာမှာ သည်းခံ နိုင်ခြင်းသည်ထက် သတ္တိသာဖြစ်ပြီး လက်တုန့်ပြန်ခြင်းသည် မိုက်မဲမှုစစ်စစ်သာဖြစ်တယ်လို့ဆိုချင်တယ်။

နိုင်ငံကောင်းဖို့ နိုင်ငံမှန်ဖို့ဆိုရင် နိုင်ငံရဲ့ ရန်သူကို ရှာတိုက်ရမယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဘယ်လိုရန်သူလဲ။ ရန်သူကဘယ်မှာလဲ တကယ့်ရန်သူက ပြည်တွင်းမှာလည်းမဟုတ်ဘူး။


ပြည်ပကလည်း မဟုတ်ပါဘူး။ တာဝန်ရှိသူတွေရော တာဝန်ရှိချင်သူတွေပါ မတွေ့သေးတဲ့ ရန်သူက မိမိကိုယ်တွင်းက မာန ဆိုတဲ့ ရန်သူပါ။ အဲဒီမာနရန်သူကို တိုက်ထုတ်လိုက်ပြီး အဲဒီနေရာမှာ အမေမွေးထဲကပါလာတဲ့ “မေတ္တာ”ချစ်သူလေးသာထည့်လိုက်ပါ။ ဘယ်လို ရန်သူမှ လိုက်ရှာဖို့ မလိုတော့ဘူး ပြောချင်ပါတယ်။


လူတိုင်းလူတိုင်းမှာ အတွေးအခေါ်ဝါဒ မိမိပိုင်အတွေးအခေါ်ဝါဒ ကရှိပြီးသားပါ။ လုပ်နိုင်ခွင့်၊ ပြောနိုင်ခွင့်နဲ့ နေရာကြောင့် မပေါ်ထွက်နိုင်ခဲ့ကြတာပါ။ အဲဒါကို လူတစ်ဦးထဲရဲ့ ခေါင်းဆောင်တယောက်ထဲရဲ့ အတွေးအခေါ်ကသာ အမှန်ဆိုတဲ့ အပြောကို အလုပ်ကို လူတိုင်းလက်ခံဖို့ မသင့်လို့ပြောချင်တယ်။


ကိုယ်တွေးထားတဲ့ဝါဒအတိုင်း သစ်သည်ဖြစ်စေ ဟောင်းသည်ဖြစ်စေ လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင်တော့ လူနဲ့လူ့ပတ်ဝန်းကျင်အကျိုး ကောင်းကျိုးကို လူများစွာက လက်ခံဖို့တော့ လိုတာပေါ့။ ဘာပေတံနဲ့ တိုင်းမလဲ “လွတ်လပ်စွာရွေးချယ်ခွင့်”ကလွဲပြီး အခြားမရှိပါဘူး။ “အားလုံးပါဝင်ဖို့” တော့လိုတာပေါ့။


လွတ်လပ်စွာရွေးချယ်ခွင့်ရမှ မဟုတ်ပဲ ကိုယ့်အသိုင်းအဝိုင်းက အသိအမှတ်ပြုမှုတခုနဲ့ အခြားလူထုများကို ကိုယ်ပြုချင်သလို ပြုခိုင်းတာဟာ လွတ်လပ်စွာ ကွဲလွဲခွင့်ကို ချိုးဖောက်တာ။ ဘုရားကို မျက်ကွယ်ပြုတောလို့ တာဝန်ရှိသူများရော တာဝန်ရှိချင်သူတွေကိုပါ ပြောပါရစေ။


လူသားစစ်စစ်တိုင်း ဒီနေ့လက်ခံရမှာက ခေါင်းမာတာဟာ သတ္တိမဟုတ်ဘူး မိုက်ရှုးရဲ့ဆန်တာဆိုတာပါပဲ။


အဲဒီတော့ ဟိုတုံးက ဘာလုပ်ခဲ့တယ် ဒီနေ့ဘာလုပ်၊ လာမယ့်နေ့ကြရင်ဘာလုပ်၊ ဒီနေ့မလုပ်နဲ့၊ လာမယ့်နေ့ ဘာမလုပ်နဲ့၊ ဆိုတဲ့ ခိုင်းစေမှုတွေ ခိုင်းစေချင်နေတဲ့ စိတ်တွေရပ်လိုက်ပြီး
(ငါသူတပါးယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ အားလုံးခနငယ်လေးပဲ အသက်တရှူတရှိုက်လေးပဲ ပိုင်ကြတာပါ)။ ကိုယ်ခိုင်းစေချင်နေတဲ့ စာရင်းဇယားကြီးတွေကိုပဲ ဆွဲနှစ်နေမယ့်အစား အခြားလူများစွာကို သူတို့ပိုင် အတွေးအခေါ်ဝါဒတွေနဲ့ လွတ်လပ်ငြိမ်းချမ်းစွာ လုပ်ကိုယ်ခွင့်ပြုကြပါစို့လို့ လူအားလုံးအဖွဲ့အားလုံးကို ပြောချင်ပါတယ်။ ဒါဆိုဘာမဆိုအဆင်ပြေပါလိမ့်မယ်။ အဆင်မပြေဘူးထင်ရင် ဘယ်သူမဆိုစပြီး စမ်းကြည့်လိုက်ပါ။ အဆင်ပြေပါတယ်။

မကောင်းမှုဟူသည် ပြုလုပ်နေစဉ် စိုးရိမ်ရ၊ ပူပန်ရ၊ ပြုလုပ်ပြီးသောအခါ၌လည်း စိုးရိမ်ရ၊ ပူပန်ရ၊ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်လုံး စိုးရိမ်ရ၊ ပူပန်ရသောအမှုသည် မကောင်းမှုဖြစ်သည်။ (ဓမ္မပဒ ၁၅/၁၇)

ကောင်းမှုဟူသည် ပြုလုပ်နေစဉ် နှစ်သက်ဝမ်းမြောက်ရသည်၊ ပြုလုပ်ပြီးသောအခါလည်း နှစ်သက်ဝမ်းမြောက်ရသည်။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်လုံး၌ နှစ်သက်ဝမ်းမြောက်ရသည့်အမှုသည် ကောင်းမှုဖြစ်သည်။
(ဓမ္မပဒ ၁၆/၁၈)

ကဲဘယ်လမ်းကိုရွေးမလဲ၊ လမ်းဆုံလမ်းခွတော့ ရောက်နေပြီ ရောက်နေခဲ့ပြီ။ လူတွေက ရွေးနိုင်သည်။ လူမှလွဲ၍ အခြားသူများ
(သတ္တဝါ)များ ရွေးဖို့မရှိ။ ရွေးခွင့်မရှိ။ ချစ်စရာ မြတ်နိုးစရာ ဓမ္မပဒ၏ စာသားအဆိုများ အံ့ချီးမကုန်နိုင်သော စွန့်ဦးတီထွင်မှု စာသားဒဿနများ ဘာကို ဘယ်လိုရွေးချယ်မလဲ။

အာရှတိုက်၏ မမှိတ်သောကဗျာကြယ် ရာဘင်ဒြာနတ်တဂိုး ဆိုတဲ့ ကဗျာဆရာကြီးကတော့ “လူတို့သည် အချိန်တိုင်း သေမင်းနဲ့ စစ်ခင်းနေကြသည် ရှိပြီးသားလမ်းကို ကိုယ့်လမ်းဖြစ်အောင်လုပ်ကြ”တဲ့။ ကိုယ်၌ကတော့ ရိုးရိုးသားသားပဲ ပြောပါရစေ “အမှန်”ကို “တကယ်” လုပ်ကြပါ။


(Reader’s Digest January 2010
ထုတ်စာအုပ်မှ Dora Cheok နှင့် Catherine Lim ၏ စာများကို ဖတ်ရှုခံစား၍)

များစွာဖြင့်

စောဝေ

1, July 2010


အမေတွေနဲ့ သားတွေအတွက် ရှေ့ပြေးနိမိတ်

Tuesday, November 23, 2010 14 comments


တီဗီ ဖန်သားပြင်ပေါ်မှာတော့ အမေက အေးဆေးငြိမ်သက်စွာဖြင့် သားအလာကို ထိုင်စောင့်နေသည်။

အမေ့ ရင်တွင်းက လှုပ်ရှားမှုကိုတော့ အမေအချင်းချင်းသာ ရိပ်မိနိုင်လိမ့်မည်။ ၁၀ နှစ်ကျော် ခွဲထားရစ်ခဲ့ရသည့် သားငယ်ကို ပြန်တွေ့ရမည့် မည်သည့် အမေမဆို စိတ်မလှုပ် ရှားဘဲ နေမည်မဟုတ်ပါ။ အမေ ... ဆိုတာ အမေပဲ မဟုတ်လား။ တတိုင်းပြည်လုံးကို ပုခုံးထမ်းထားသည့် အမေလည်း အမေပါပဲ။ ထို အမေက ပိုပြီး အမေဆန်နေ လိမ့်မည်ပေါ့။

အမေနှင့်သား တွေ့ဆုံမှုကို ရုပ်ရှင်ဆန်စေချင် သူများ ရှိနေပေလိမ့်မည် ...။

“အမေ” ဟု တယောက်က ခေါ်လိုက်စဉ် “သား” ဟု တယောက်က ခေါ်ပြီး စလိုးမိုးရှင်းပြေးသွား ... ထို့နောက် တယောက်ကိုတယောက် တင်းကျပ်စွာ ပွေ့ဖက်၊ ထို့နောက် လူကောင်ထွားထွားသားက သေးညှက်ညှက် အမေ့ ကိုယ်လေးကို ချီမြှောက် ..။

ထို ကိစ္စများ ဘာမှ မဖြစ်လိုက်ဘဲ အမေနှင့်သား တွေ့ဆုံမှုက ရိုးရိုးကလေး ပြီးပြည့်စုံသွားသည်။

အမေက သားလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ အမေက “သိပ်ပျော်တာပဲ၊ ကျမ တကယ်ကို ပျော်တယ်” ဟု ပြောနေသည်လား။ အမေ့မျက်လုံးတွေက “ပျော်တယ်” ဆိုသည့် စကားလုံးများထက် ပို ပျော်နေသည်။

ကျမကတော့ အမေနှင့်သား ကိုယ်စား အတွေးများဖြင့် အလုပ်ရှုပ်နေသည်။

တဒင်္ဂတွင်တော့ အမေ့အလုပ်တွေကို အမေ မေ့ထားချင်ပေလိမ့်မည်။ အမေ့ တာဝန်တွေက များလွန်းလှပေမယ့် သား အတွက်တော့ အရိုးရှင်းဆုံး အမေပဲ ဖြစ်ချင်လိမ့်မည်။ အမေကိုယ်တိုင် လုပ်သည့် ရေခဲမုန့်လေး တခွက် ဖြစ်ဖြစ် သားကို ကျွေးချင် နေမှာပဲ။ အမေတိုင်း အမေတိုင်း သားတွေကို အကောင်းဆုံး ကျွေးချင်ကြသည် မဟုတ်လား။ အမေ့လက်ရာ ဆိုတာ ကလည်း သားတွေအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး မဟုတ်လား။

“အမေ့လက်ရာ ထမင်းသုတ်”

“အမေချက်သည့် ခရမ်းချဉ်သီး ငါးပိချက်ကလေး”

“အမေ့ မုန့်ဟင်းခါး”

ကျမတွေ့ဖူးသည့် သားတိုင်း သူတို့အမေလက်ရာတွေကို တမ်းတသံ ကြားဖူးသည်။ အမေ့လက်ရာမှာ မေတ္တာတွေပါသည်။ ဒီ အမေကကော သူ့သားကို ဘာတွေ ပြင်ဆင်ကျွေးမှာပါလိမ့်။

ဒါမှမဟုတ် သူတို့အမေများနှင့် တွေ့ဆုံခွင့်မရနိုင်သည့် ကံမကောင်းသော သားတချို့အတွက် ဝမ်းနည်းစိတ်ဖြင့် “အမေက သူတို့အတွက် အလုပ်လုပ်ရဦးမှာ သားရဲ့” ဟု ဆိုလေမလား။

သားကကော ...။ အမေ့ပုခုံးပေါ်က တာဝန်များအတွက် မချင့်မရဲ ဖြစ်နေမလား။ သားအတွက် အချိန်မပေးခဲ့သည့် အမေ့ကို အပြစ် နည်းနည်းလောက်ဖြစ်ဖြစ် တင်ချင်နေမလား။ အမေ့ နားက လူအားလုံးကို ခပ်ဝေးဝေး သွားနေခိုင်းပြီး သားတယောက်တည်း အမေ့နားမှာ၊ အမေ့ရင်ခွင်မှာ နေချင်လေမလား။

သား အမေက … တခြားအမေတွေနဲ့ တခြားသော သားတွေ နောက်ထပ် … နောက်ထပ် မဝေးကွာစေရေးအတွက် သားကို ချန်ထားခဲ့ရတယ် ဆိုတာ၊ သားနဲ့ နှစ်ပေါင်းများစွာ အကွဲကွာ ခံခဲ့ရတယ်ဆိုတာ သိသိကြီးနဲ့ပဲ မကျေမနပ် ဖြစ်နေလေမလား။

ဒါမှမဟုတ် … အမေ့အပြုံးကို ခဏလေးမြင်လိုက်ရုံနဲ့ အားရှိကြတဲ့ တခြားလူတွေလိုပဲ သားလည်း အားတွေ ပြည့်လျှံသွား ပြီလား။ ထူးအိမ်သင်ရဲ့ အမေ့အိမ် ထဲကလို အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်မှာ အဝေးဆုံးက အမေ့ဆီ ပြေးလာခဲ့တာလား။

ဒါမှမဟုတ် … ငြိမ်းချမ်းရေးအတွက် တချက်ကလေးမှ မငြိမ်းချမ်းရတဲ့ အမေ့ကို သားရဲ့ အပြုံးတပွင့် လာပေးတာလည်း ဖြစ်နိုင်ရဲ့။ သားတို့ရုပ်ရည် သီတာမည်သား … လို့ ဆိုသည် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီနေ့တနေ့တော့ အမေ့အတွက်သား … သားအတွက်အမေ ဖြစ်ခွင့်ရပြီလေ။

ကျမအတွက်တော့ ဒီအမေနဲ့ ဒီသားရဲ့ တွေ့ဆုံခြင်းက တခြားသော အမေတွေနဲ့ သားတွေ တွေ့ဆုံဖို့ ရှေ့ပြေးနိမိတ်ကောင်း၊ တခြားအမေတွေနဲ့ တခြားသားတွေရဲ့ ဆုံဆည်းခြင်း ရှေ့ပြေး ရောင်ခြည်ဟု ယုံသည်။

အမေများနှင့် သားများ၏ ဆုံဆည်းမှု ကြောင့်သာ ကမ္ဘာကြီးက ပိုလှလာတတ်သည်။ ကွဲကွာနေသည့် အမေများနှင့် သားများ အမြန်ဆုံး ဆုံဆည်းကြစေ ချင်ပါသည်။ ။

အေးချမ်းမြေ့

အလုပ်ဟူသမျှ ပြုံလုရ

Thursday, November 11, 2010 4 comments


တူမကြီး ပစ္စည်းသယ်ဖို့လူလိုလား ...

ပစ္စည်းတွေကို ကားပေါ်တင်နေသည့် ကျမ ပတ်ပတ်လည်သို့ ၃၅ နှစ်ဝန်းကျင် အမျိုးသားများ ၀န်းရံကာ အလုပ်ရဖို့အတွက် အလုအယက်မေးနေကြတယ်။ ကျမ စိတ်ထဲတော်တော်စိတ်မကောင်းဖြစ်သွားမိတယ်။

အဲဒီနေ့က နိုဝင်ဘာ (၇) ရက်နေ့၊ ရွေးကောက်ပွဲ လုပ်သည့်နေ့။

အိမ်တွင် ထမင်းချက်ဖို့ စောင့်မျှော်နေသည့်မိသားစု ထမင်းစားရဖို့အတွက် နေ့ခင်းဘက်နေပူပူမှာ ပစ္စည်းဝယ်လာသည့်လူတွေ့လျှင် အလုအယက် ပစ္စည်းထမ်းဖို့အတွက် ခယသည့်မျက်ဝန်းများဖြင့်။

ကျမ မည်သူ့ကို ခေါ်ရမလဲမသိ။ နောက်ဆုံးတွင် လူနှစ်ယောက်ကိုခေါ်လိုက်သည်။ မည်သူရယ်လို့ လက်ညိုးညွှန်မပြဘဲ “၂ ယောက်ဆိုရင်ရတယ် အကို” ဟုပြောကာ ကားပေါ်သို့ တက်လိုက်သည်။ အထမ်းသမား ၂ ဦး ကျမနောက်မှလိုက်ကာ ကားပေါ်သို့ တက်လိုက်လာသည်။

“ဦးတို့က မဲမပေးဘူးလား“ စကားစလိုက်မိတယ်။

“ရိုးသားသည့်အပြုံးသန့်သန့်ကို ပြုံးလိုက်ပြီး ကျနော်တို့ မဲပေးလည်း ဘယ်သူကိုရွေးမယ်ဆိုတာ သူတို့သတ်မှတ်ပြီးသား ဘာထူးမှာလဲ တူမကြီးရာ ... လောလောဆယ် အိမ်က ကလေးတွေ ထမင်းစားရဖို့ပဲအရေးကြီးတယ် ... လုပ်ချင်ရာလုပ်ကြ ... နေ့တိုင်း အထမ်းသမားခေါ်တဲ့လူနဲ့ တွေ့ပါစေပဲ ဆုတောင်းနေရတာ ... တူမကြီးတို့ ဘာအထမ်းတွေပဲခေါ်ခေါ် ၂၇ လမ်းထိပ်မှာ ဦးတို့အမြဲရှိတယ် လာခေါ်လှည့် ... အိမ်အပြောင်းအရွှေ့လည်းရတယ် ... တူမကြီး မိတ်ဆွေတွေ ထမ်းဖို့လိုလည်း ဦးလေးတို့ကို လမ်းညွှန်ပေးပါ” လို့ ပြောတယ်။

ကျမ မျက်ရည်ဝဲသွားတယ်... အလုပ်နေ့တိုင်း လုပ်ရဖို့အတွက် ပြုံးချိုသည့် မျက်နှာဖြင့် တောင်းဆိုနေသည့်ဦးလေးတွေ … သူတို့လိုလူမျိုတွေ မြန်မာပြည်မှာ ဘယ်လောက်တောင်ရှိနေလဲဆိုတာ ...
ချိုခ

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved