လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး အန္တရာယ်

Saturday, August 24, 2013



~



ဧရာဝတီ သတင်းဝက်ဘ်ဆိုက်မှာ “ရန်ကုန်လေထု ညစ်ညမ်းမှု အန္တရာယ် ရှိနေပြီလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ သဘာဝ ၀န်းကျင်ရေးရာ ဆိုင်ရာ သတင်းတို တပုဒ် ဖတ်လိုက်ရပါတယ်။ သတင်းတို ဆိုပေမယ့် စိုးရိမ်စိတ်နဲ့ စိတ်ဝင်စားမှု နှစ်ခုစလုံး ခံစားရ စေတဲ့ သတင်းပါပဲ။


လက်ပံတောင်းဒေသ ကြေးနီတူးဖော်ရေး စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - ဂျေပိုင်)

အဲဒီသတင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် မေလအတွင်း သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီ မြို့နယ်များ တွင် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှုကို သုတေသနပြု တိုင်းတာခဲ့ရာ သာကေတမြို့နယ်တွင် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ အများပြားဆုံး ဖြစ်နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဦးစီးဌာန လုပ်ငန်းခွင်ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်သိန်းက ပြောကြားသည်ဟု ဇူလိုင် ၂၆ ရက်နေ့ နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထား သည်။

သာမန်အားဖြင့် လေထုတွင်း ဖုန်မှုန့်ပါဝင်မှုသည် (Particular Matter - PM10)  သည် 50 ug /m3  အတွင်းသာ ရှိရ မည် ဖြစ်သော်လည်း (PM10) သည် 120ug / m3 ဖြစ်နေ၍ လေထဲတွင် ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ များပြားနေ သည့် အတွက် အန္တရာယ်ရှိ အဆင့်သတ်မှတ်မှုတွင် သာကေတမြို့နယ်သည့် ထိပ်ဆုံး၌ ရှိနေကြောင်း၊ ခြောက်သွေ့ ရာသီများတွင် လေထုညစ်ညမ်းမှု ပိုမိုများပြားကြောင်း သိရသည်။


ဒီသတင်းလေးကို ဖတ်ပြီးတာနဲ့ အချက် ၂ ရပ်ကို တပြိုင်နက်တည်း ခံစားရပါတယ်။ ပထမ တချက်က လေထု ညစ်ညမ်းမှုကြောင့် မြို့တော်ရန်ကုန်မှာ အန္တရာယ် ရှိနေပြီလား ဆိုတဲ့ စိုးရွံ့စိုးထိတ် ခံစားမှုပါ။ နောက်တခုက သတင်းထဲမှာပါတဲ့ ဖုန်မှုန့်ပါဝင်မှုတွေ အကြောင်းပါ။ ဖုန်မှုန့်ပါဝင်မှုကို ဘယ်လိုခေါ်ပြီး၊ ဘယ်လို စမ်းသပ်တယ် ဆိုတဲ့ အကြောင်းတွေပါပဲ။ လေထဲမှာ ဖုန်မှုန့်တွေ အမှုန်တွေကို PM လို့ ခေါ်ပါသတဲ့။

PM လို့ခေါ်တဲ့ Particulate Matter ဆိုတာ ဘာလဲ။
လေထဲမှာ ဟိုဒီပျံ့လွင့် လွင့်မျောနေတဲ့ အရာတွေ ရှိပါတယ်။ သာမန်မျက်စေ့နဲ့ မမြင်နိုင်တာတွေရော၊ သာမန်မျက်စေ့ နဲ့ မြင်နိုင်တဲ့ အမှုန်တွေရော အများကြီးပါ။ အဲဒီလို အမှုန်တွေ ဖုန်မှုန့်တွေက လေထုညစ်ညမ်းခြင်း ဖြစ်စေတာပါ။ (Particulate Matter – PM) ဆိုတာ အမှုန် အမွှားတွေ ဖုန်မှုန့်တွေကြောင့် လေထုညစ်ညမ်း စေတာကို ခေါ်တာပါ။ တနည်းအားဖြင့် လေထုထဲမှာ ဖုန်မှုန့်ပါဝင်မှု များပြားခြင်းလို့ ဆိုရမှာပါ။ အမှုန်အမွှားနဲ့ ဖုန်မှုန့်တွေ လေထုထဲမှာ များပြားလာပြီး လေထုကို ညစ်ညမ်းစေရင်ဖြင့် လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်စေပါတယ်။

ဒါကြောင့် ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာ လေထုညစ်ညမ်းမှု မရှိအောင် ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်နေ ကြတယ်လို့ ဆိုပါတယ်။
လေထဲမှာ ဖုန်မှုန့်နဲ့ အမှုန်အမွှား ပါဝင်မှု အကြောင်း လေ့လာကြည့်ရအောင်ပါ။

ဖုန်မှုန့်တွေ အမှုန်အမွှားတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုး အရွယ်အမျိုးမျိုး ရှိနိုင်ပြီး၊ အစိုင်အခဲ အဖြစ်လည်း ရှိနေနိုင်သလို ရေမှုန်ရေမွှား အဖြစ်လည်း ရှိနေနိုင်ပါတယ်။ သူတို့ကို အဓိကအားဖြင့် အုပ်စု ၂ စု ခွဲကြည့်နိုင်ပါတယ်။ ဒီ အုပ်စုတွေ ဟာ ကွာခြားချက် အနေအထား အမျိုးမျိုး ရှိပါတယ်။ တခုက အရွယ်အစား ကွာခြားတာပါပဲ။ အမှုန်ကြီးတွေ ကို PM10 လို့ သတ်မှတ်ပြီး၊ အမှုန်သေးကိုတော့ PM2.5 လို့ ခေါ်ဝေါ်ပါတယ်။

အမှုန်ကြီးတွေဟာ ၂.၅ မိုက်ခရိုမီတာကနေ ၁၀ မိုက်ခရိုမီတာကြား ရှိတဲ့ အရွယ်အစားတွေပါ။ တနည်းအားဖြင့် လူ့ဆံပင်ထက် အပုံ ၂၅ ပုံကနေ အပုံ ၁၀၀ ကြားပို သေးငယ်တဲ့ အရွယ်အစားပါ။ ဒီလို အမှုန်ကြီးတွေကို PM10 (ပီအမ်တင်းန်) လို့ ခေါ်တယ်။ လေထုထဲ မှာ ပျံ့လွင့်တတ်တဲ့ ဒီအမှုန်ကြီးတွေက အရမ်းအန္တရာယ် အများကြီး မပေးဘူးလို့ ဆိုပါတယ်။

PM2.5 (ပီအမ်တူးပွိုင့်ဖိုက်) လို့ခေါ်တဲ့ အမှုန်သေးကတော့ ၂.၅ မိုက်ခရိုမီတာထက် သေးငယ်ပြီး ပါးလွှာပါတယ်။ တနည်း ပြောရရင် လူ့ဆံပင်ထက် အပုံ ၁၀၀ ထက် ပိုသေးငယ် ပါးလွှာတယ်လို့ ဆိုပါတယ်။ ဒီလို အမှုန်တွေ ဖုန်တွေ ဘယ်က ရောက်လာတာပါလိမ့်။
အမှုန်တွေ ဖုန်တွေဟာ အရွယ်အစားသာ ကွဲပြားတာ မဟုတ်ပါဘူး၊ ဖြစ်တည်လာတဲ့ နေရာနဲ့ ပစ္စည်း ပစ္စယ မူလအရင်း အမြစ်ကလည်း ခြားနားနေပါသေးတယ်။

စက်ရုံတွေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ မော်တော်ယာဉ်တွေ ဖြတ်သန်းမောင်းနှင်နေတဲ့ လမ်းတွေကနေ  PM10 မီးခိုးငွေ့တွေ၊ အမှိုက်သရိုက်ဖုန်မှုန်တွေ ဖြစ်ပေါ်ပါတယ်။ ပြီးတော့ မှိုတွေ၊ အပင်မျိုးပွား ၀တ်မှုန်တွေကလည်း ဒီအုပ်စုထဲမှာ ပါဝင်ပါတယ်။ သူတို့ကို အကြမ်းထည် ပီအမ်တင်းန် (Coarse Particles - PM10) လို့ သတ်မှတ်ပါတယ်။ မြေကြီးနဲ့ မြေဆီလွှာ တွေကို တူးဆွတဲ့အခါ၊ ကျောက်တုံး ကျောက်သားတွေကို မိုင်းနဲ့ခွဲ၊ ထုဆစ်တဲ့အခါ မှာ ဖုန်တွေ အမှုန်တွေ ထွက်ပေါ် လာပါတယ်။ အဲဒီ ဖုန်တွေ အမှုန်တွေဟာ တိုက်ခတ်လာတဲ့ လေပြင်းနဲ့ အတူ လွင့်ပါ လွင့်မျော သွားရပါတယ်။

တဖန် အချောထည်လို့ ပြောနိုင်တဲ့ ပီအမ်တူးပွိုင့်ဖိုက် (Fine Particles - PM2.5) လည်း ရှိပါသေးတယ်။ အဆိပ် အတောက် ဖြစ်စေတဲ့ အော်ဂင်းနစ် အပေါင်းအစုတွေနဲ့ ဓာတ်သတ္တုတွေကနေ ဒီ အချောထည် ပီအမ်တူးပွိုင့်ဖိုက်တွေ အများဆုံး ဖြစ်ပေါ်ရပါတယ်။ အထူးသဖြင့် မော်တော်ကားများ၊ ယာဉ်ရထားများ မောင်းနှင်ခြင်း၊ သစ်ပင်သစ်ရွက်များ မီးရှို့ခြင်း၊ တနည်း တောင်ယာမီး ရှို့ခြင်း၊ ဓာတ်သတ္တုများ အရည်ဖျော် သန့်စင်ခြင်း တွေကနေ ဖြစ်ပေါ်လာတာပါပဲ။

သူတို့ဟာ လေထဲမှာ လွင့်ပါ လွင့်မျောတဲ့အခါ ဘယ်လောက်ကြာကြာ၊ ဘယ်လောက်ဝေးဝေး ရောက်နိုင်ကြသလဲ။ အချောထည် အသေးစား ပီအမ်တူးပွိုင့်ဖိုက် ပိုသေးပြီး ပိုမိုပေါ့ပါးတဲ့ အတွက် အကြမ်းထည် အကြီးစား ပီအမ်တင်းန် ထက် လေထဲမှာ ပိုမိုကြာကြာ လွင့်မျောနိုင်ပြီး၊ ရက်သတ္တပတ်ကြာအထိ ရှိနေတတ်ပါတယ်။ ဘယ်လောက် ဝေးဝေး ရောက်နိုင်သလဲ ဆိုတော့ ပိုပြီးတော့ PM10 အမှုန်တွေက ကိုက် ၁၀၀ လောက်က နေ မိုင် ၃၀ လောက် အဝေးအထိ ရောက်ရှိနိုင်ပါတယ်။ PM2.5 ကတော့ မိုင်ရာချီ အဝေးအထိ ရောက်ရှိနိုင်ပါတယ်။


လေထုညစ်ညမ်းစေပုံ အဆင့်ဆင့်  

 
ခန္ဓာကိုယ်အတွင်း ဘယ်လိုဝင်ရောက်ပြီး အန္တရာယ် ဖြစ်စေတာလဲ။ ဒီလို ဖုန်မှုန့်တွေ ပါဝင်တဲ့ ညစ်ညမ်းလေတွေကို ရှူရှိုက်မိတဲ့ အခါ အမှုန်တွေ ဖုန်တွေဟာ နှာခေါင်းကနေ အသက်ရှူလမ်းကြောင်းက တဆင့် အဆုတ်ထဲကို ရောက်ရှိ သွားပါတယ်။ တခါတလေတော့ ဒီအမှုန်တွေ ဖုန်တွေဟာ အသက်ရှူလမ်းကြောင်းမှာ တွယ်ကပ်နေတာမျိုး တွေလည်း ရှိနိုင်သလို အဆုတ်ရဲ့ အနက်ရှိုင်းဆုံး နေရာအထိ ရောက်ရှိသွားပါတယ်။ ဘယ် အမျိုးအစားက ကျန်းမာရေးကို ပိုမိုဆိုးဝါးစေပါသလဲ။ PM10 လား၊ ဒါမှမဟုတ် PM 2.5 လား။ ပိုမိုသေးငယ်တဲ့ PM2.5 အမှုန်တွေက လေထဲမှာပိုမို ပျံ့နှံ့နေနိုင်သလို အဆုတ်ထဲကို ပိုမိုရောက်ရှိဖို့ အခြေအနေ ပိုများတယ်လို့ ဆိုရမယ်။

ဆုတ်ထဲကို ဒီအမှုန်တွေက ဘယ်လို ရောက်ရှိသွားသလဲ ဆိုတော့ ပါးစပ် သို့မဟုတ် နှာခေါင်းကနေ အသက်ရှူတဲ့ အခါ၊ လေ့ကျင့်ခန်း လုပ်လို့ အသက်ပြင်းပြင်း ရှူလိုက်တဲ့ အခါတွေမှာ ရောက်ရှိသွားတော့တာပါပဲ။ အသက်အရွယ် ကြီးရင့်သူတွေကတော့ အသက်ပြင်းပြင်းရှူရှိုက်တာ နည်းတဲ့ အတွက် အဆုတ်ထဲကို အမှုန်အမွှား ဖုန်မှုန့်ဝင်ရောက်တာ နည်းပါးပါတယ်။ အဲဒီလို အဆုတ်ထဲကို အမှုန်အမွှားတွေ ရောက်သွားပြီး အဆုတ်ရောဂါတွေ ဖြစ်ပွားစေပါတယ်။ အဓိကအားဖြင့် အပူချိန်မြင့်မားတဲ့ နွေရာသီလို အချိန်တွေမှာ လေထဲကို ဖုန်မှုန့်တွေ အမှုန်အမွှားတွေ ပျံ့လွင့်လေ့ရှိပါတယ်။

လေထဲက အမှုန်အမွှားတွေ ဖုန်မှုန့်တွေ အဆုတ်ထဲကို မရောက်ခင်မှာ အဲဒီအမှုန်အမွှားတွေကို စစ်ထုတ်ပစ်ဖို့ ချွဲသလိပ်၊ နှာရည်၊ အမြှေးတွေနဲ့ တားဆီးပါတယ်။ တကယ်လို့ အမှုန်အမွှားတွေ လေပြွန်ထဲဝင်ရောက်လာတဲ့ အခါမှာ လည်ချောင်းတွေ ယားယံလာပြီး ချောင်းဆိုးမယ်၊ နှာချေမယ် ဆိုတာတွေ ဖြစ်လာတတ်တာ တွေ့ဖူးကြမယ် ထင်ပါတယ်။ ဒါဟာ အမှုန်အမွှားတွေ အဆုတ်ထဲ မ၀င်ရောက်နိုင်အောင် သဘာဝအတိုင်းကာကွယ် ပေးတာပါ။

တကယ်လို့ အဆုတ်ထဲကို ၀င်လာတဲ့ အမှုန်တွေက အရမ်းသေးငယ်လွန်းနေရင်တော့ စစ်ထုတ် မပေးနိုင်ဘဲ အဆုတ်ထဲကို ရောက်ရှိသွားပါတော့တယ်။ အဲဒီလို ရောက်ရှိသွားပြီး အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားတော့ တာပါပဲ။ အထူးသဖြင့်တော့ ပန်းနာရင်ကြပ် အပါအ၀င် အဆုတ်ကင်ဆာလို ရောဂါတွေပါ။

အမှုန်ကြီးဖြစ်တဲ့ PM10 ရော၊ အမှုန်သေး PM2.5 ရော နှစ်ခုစလုံးက ကျန်းမာရေးကို ဆိုးဝါးထိခိုက်စေပါတယ်။ အမှုန်သေးက အဆုတ်ထဲကို ၀င်ရောက်သွားနိုင်ဖို့ အခွင့်အလမ်း ပိုများသလို အမှုန်ကြီးက အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

စစ်တွေမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု (ဓာတ်ပုံ -  Steve Tickner)

လေထုညစ်ညမ်းခြင်း နဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ရရင် လေထုထဲမှာ ဓာတုပစ္စည်း အမှုန်အမွှား ဖုန်မှုန်တွေ၊ ဇီဝဆိုင်ရာ မျိုးပွား အမှုန်အမွှားတွေ များပြား ပြည့်ကြပ်လာတာ ဖြစ်တယ်၊ အဲဒီအမှုန်အမွှား ဖုန်မှုန်တွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်၊ အထူးသဖြင့် အဆုတ်နဲ့ ပတ်သက်ပြီး ရောဂါတွေ ဖြစ်ပွားလာ စေနိုင်တယ်၊ ရောဂါ တွေကို အကြမ်းဖျင်း ပြောရရင်း ချောင်းဆိုးခြင်း၊ ချွဲသံပါတဲ့ အသက်ရှူခြင်း၊ အသက်ရှူမ၀ခြင်း၊ နောက် ပန်းနာရင်ကြပ်ရောဂါ၊ နောက် နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါများ၊ နောက် ကျောက်ကပ်နဲ့ဆက်စပ်နေတဲ့ ရောဂါများ၊ သွေးကြောကျဉ်း၊ သွေးလည်ပတ်မှု မမှန်ကန်ခြင်း စတဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ရောဂါတွေပါ။

ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့ ၁၀ မြို့ကို လေ့လာကြည့်ရ အောင်ပါ။

တရုတ်နိုင်ငံ ဘေဂျင်း၊ (Beijing, China)၊
အိန္ဒိယနိုင်ငံ နယူးဒေလီ (New Delhi, India)၊
ချီလီနိုင်ငံ စန်တီယာဂို (Santiago, Chile)၊
မက္ကဆီကို နိုင်ငံ မက္ကဆီကို မြို့ (Mexico City, Mexico)၊
မွန်ဂိုလီးယားနိုင်ငံ ယူလန်ဘားတားမြို့ (Ulaanbaatar, Mongolia)၊
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ (Cairo, Egypt)၊
တရုတ်နိုင်ငံ ချုံကင်းမြို့ (Chongqing, China)၊
တရုတ်နိုင်ငံ ဂွမ်ဇောင်မြို့ Guangzhou, China)၊
ဟောင်ကောင် (Hong Kong)၊
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ (Kabul, Afghanistan) တွေလို့ သိရပါတယ်။

ဒီစာရင်းကို http://urbanpeek.com မှာ တင်ပြပေးထားတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံ လင်ဖန်မြို့ (Linfen, China)၊
တရုတ်နိုင်ငံ တီယန်ရင်မြို့ (Tiaying, China)၊
အိန္ဒိယနိုင်ငံ ဗာပီမြို့ (Vapi, India)၊
အိန္ဒိယနိုင်ငံ ဆူကင်းဒါးမြို့ (Sukinda, India)၊
ပီရူးနိုင်ငံ လာအိုရိုယာမြို့ (La Oroya, Peru)၊
ရုရှားနိုင်ငံ ဒဇာဇင့်မြို့ (Dzerzhinsk, Russia)၊
ရုရှားနိုင်ငံ နောရစ်စ်ခ်မြို့ (Norilsk, Russia)၊
ယူကရိန်းနိုင်ငံ ချာနိုဘိုင်မြို့ (Chernobyl, Ukraine)၊
အဇာဘိုင်ဂျန်နိုင်ငံ ဆမ်ဂရစ်မြို့ (Sumgayit, Azerbaijan)၊
ဇမ်ဘီယာနိုင်ငံ ကာဘွေးမြို့ (Kabwe, Zambia) တွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒီစာရင်းကိုတော့ http://opishposh.com မှာ တင်ပြထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာ လေထုညစ်ညမ်းမှု မရှိအောင် ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်နေ ကြပါပြီ။ ဥပမာ တရုတ်နိုင်ငံမှာဆိုရင် သူ့နိုင်ငံတွင်းမှာ စက်ရုံတွေဆောက်၊ ဆည်တွေတည်တာကို မလုပ်တော့ဘဲ နီးစပ်ရာ ဖွံ့ဖြိုးဆဲ (အထူးသဖြင့် မြန်မာနိုင်ငံထဲမှာ တည်ဆောက်ခြင်းမျိုး) နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပြီး လေထု ရေထု မြေထု ညစ်ညမ်းမှုကို ကာကွယ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ ထိုင်းနိုင်ငံကလည်း စက်ရုံကြီးတွေ၊ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို သူတို့ နိုင်ငံမှာ မတည်ဆောက်ဘဲ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နေတာ တွေ့နိုင်ပါတယ်။

ဒါဆိုရင်  ကျနော်တို့ရဲ့ အနာဂတ်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ဆောင်ရွက်တဲ့ အခါ ဖွံ့ဖြိုးမှုနဲ့ ဒွန်တွဲလျက် ပါလာတဲ့ ဆိုးကျိုးရလာဒ်တွေကို ထည့်သွင်းစဉ်းစားကြရမှာပါ။ ရေရှည်အကျိုးမကြည့်ဘဲ ဖြစ်သလို ဆေးမြီးတိုနဲ့ ကုစားသလို လုပ်ဆောင်နေရင် မနက်ဖြန်ကနေ ပြန်မြင်ရမယ့် ကျနော်တို့ရဲ့ တိုင်းပြည်၊ ကျနော်တို့ရဲ့ မျိုးဆက်သစ် တွေ ဘယ်လို ရှိနေမယ်ဆိုတာ စဉ်းစားပြီး လုပ်ကိုင်ကြဖို့ အရေးကြီး နေပါပြီ။    ။



.

0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved