၂ ဦး သေဆုံးတဲ့ ပုသိမ်ယာဉ်တိုက်မှု နောက်ဆက်တွဲ

Sunday, April 21, 2013



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ လူ ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုတခု ဧပြီလ ၄ ရက်နေ့က ပုသိမ် - ချောင်းသာလမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။  

မြို့ပြင်ဘက်က ကားသမားသက်ပိုင် မောင်းနှင်လာတဲ့ ကုန်တင် ၁၀ ဘီး ကားကြီးက ပုသိမ်မြို့ဘက်ကနေ မောင်းလာတဲ့ လော်ဂျားဆိုင်ကယ်ကို ၀င်တိုက်ခဲ့ရာမှာ ဆိုင်ကယ်ပေါ်မှာပါလာတဲ့ တိုင်းဒေသကြီး အားကစားနဲ့ကာယပညာဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်နဲ့ ဌာနခွဲစာရေး ဦးမောင်မောင်ဌေးတို့ ဒဏ်ရာအပြင်းအထန်ရပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ကားသမား သက်ပိုင်ဟာ ယာဉ်တိုက်မှုဖြစ်ပြီးတာနဲ့ ကားကိုထားခဲ့ပြီး ချက်ခြင်း တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ကားသမားက ထွက်ပြေးတိမ်းရှောင်နေဆဲပါပဲ။ အဲဒီအမှုကို ကျနော်တို့စခန်းက အမှုစစ် ဒုရဲအုပ် ထွန်းထွန်းစိုးက လက်ခံစစ်ဆေး ဆောင်ရွက်နေပါတယ်” လို့ ပုသိမ်မြို့ အမှတ် ၂ ရဲစခန်း မှုခင်းဌာနမှ တပ်ကြပ်ကြီး မြင့်လွင်က ဧရာဝတီကိုပြောပါတယ်။

ဦးမောင်မောင်ဌေးရဲ့သားဖြစ်သူ ကိုမြတ်ခိုင်က အခုလိုပြောပါတယ်။

“ကျနော့်အဖေဆိုတာ မြင်ရက်စရာတောင် မရှိဘူး။ ဆိုင်ကယ်ဆိုတာလည်း တစစီကြေမွနေတာပဲ။ ကားကတော့ မောင်းလာတာ အရှိန်ပြင်းလွန်းလို့ ပေ ၁၀၀ လောက်က အပင်ကိုခေါင်းနဲ့ဝင်ဆောင့်ပြီးမှ ရပ်သွားတယ်”လို့ သူက ပြောပါတယ်။


ယာဉ်တိုက်မှုဖြစ်တဲ့ ကားက ယူဒီကောင်တာ ကုန်တင်ယာဉ်အမျိုးအစားဖြစ်ပြီး ကားနံပါတ်က ၅က/၉၂၈၅ ဖြစ်ပါတယ်။ ယာဉ်ပိုင်ရှင်ကတော့ ကန်ကြီးထောင့်မြို့က ဦးမြင့်အောင်ရှိန် ဖြစ်ကြောင်း သိရပါတယ်။

စကားဝါလမ်း၊ အမှတ် (၃) ရပ်ကွက်၊ ပုသိမ်မြို့မှာနေတဲ့ ယာဉ်မောင်း သက်ပိုင်ကို ဖမ်းဆီးပေးဖို့ တိုင်းဒေသကြီး အား/ကာဌာနက ရဲစခန်းကို တောင်းဆိုခဲ့ကြောင်း တိုင်းအား/ကာဌာနက ပြောပါတယ်။

“ခင်ဗျားတို့ တရားခံကိုမဖမ်းဘူးလားလို့ ကျနော်တို့စခန်းမှူးကို မေးတော့ အုံနာ (ယာဉ်ပိုင်ရှင်) အနေနဲ့ တရားခံဖြစ်တဲ့ သူ့ယာဉ်မောင်းကိုဖမ်းပြီးတော့ စခန်းကိုခေါ်လာအပ်ပေးဖို့ ပြောထားတယ်လို့ စခန်းမှူးက ပြန်ဖြေတယ်။ လူ ၂ ယောက်သေအောင် တိုက်သတ်ခဲ့တဲ့ ကားသမားကို ရဲက ဖမ်းဖို့ မလုပ်ဘဲနဲ့ အုံနာကိုပဲ တာဝန်ပေးတဲ့သဘော ဖြစ်နေတယ်။ တရားခံကိုဖမ်းဖို့ ရဲမှာ တာဝန်မရှိဘူးလား။ ဒါပဲ ကျနော်မေးချင်တယ်” လို့ လပွတ္တာခရိုင် အား/ကာ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသန်းက ပြောပါတယ်။

အဲဒီအမှုကို ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းက ပြစ်မှုအမှတ် ၉/၂၀၁၃၊ ဥပဒေပုဒ်မ ၃၀၄ (က) နဲ့ ရဲက တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရပါတယ်။

တိုက်သွားတဲ့ကားကို မိထားသလို ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းရဲ့ အမည်၊ နေရပ်လိပ်စာတွေ အပြည့်အစုံရရှိထားပေမယ့် ဒီကနေ့အထိ တရားခံ မဖမ်းမိနိုင် ဖြစ်နေတဲ့အပေါ်မှာ သေဆုံးသူရဲ့မိသားစုဝင်တွေအပါအ၀င် တိုင်းဒေသကြီး အား/ကာဌာနက ၀န်ထမ်းတွေကပါ မကျေမနပ် ဖြစ်နေကြပါတယ်။

“အစိုးရ၀န်ထမ်းတယောက်က တာဝန်ထမ်းဆောင်နေတဲ့အချိန် သေဆုံးရတာကို ပေါ့ပေါ့တန်တန်နဲ့ တရားခံကို ဖမ်းဆီးအရေးယူပေးခြင်း မရှိဘဲ အရေးမစိုက်တဲ့ပုံစံ လုပ်နေတဲ့အပေါ်မှာ ကျမတို့ အရမ်းဝမ်းနည်းရပါတယ်။ ကျမတို့မှာ လူလည်းဆုံးရှုံး၊ ဆိုင်ကယ်လည်း ဆုံးရှုံးနဲ့ နစ်နာဆုံးရှုံးမှုက ပြောမပြနိုင်အောင်ပါပဲ” လို့ ဦးမောင်မောင်ဌေးရဲ့ ဇနီးဖြစ်သူ ဒေါ်အေးအေးမော်က ပြောပါတယ်။
ဆလိုင်းသန့်စင် ~
 
 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



3 comments :

  1. တာဝန်ရှိသူတွေ တာဝန်မဲ့လိုက်တာ၊ပြည်သူပေးတဲ့လစာယူပြီးတော့

  1. Anonymous said... :

    ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ်ရှင်ကြီးကို ပြည်သူတွေက အားကိုးချင်ပါတယ်။
    အားကိုးလို့မရတာကတော့ အစိုးရကပဲညံသလား၊ အစိုးရကပဲ ပြည်ထဲရေးအပေါ် အာဏာစက် မရှိလို့ပဲလားလို့ သံသယ၀င်မိပါတယ်။
    ရဲတွေကို လခကောင်းကောင်းနဲ့ အထောက်အပံ့ကောင်းကောင်း ပေးသင့်ပါတယ်။ အဂတိလိုက်စားတဲ့ရဲဆိုရင်လည်း ကြီးကြီးငယ်ငယ် တစ်ခါထဲ ဖြုတ်သင့်ပါတယ်။ ဒီလိုဌာနမျိုးက အဂတိလိုက်စားမှတော့ ဘာသုံးစားလို့ရတော့မလဲ။ ပြည်သူတွေ ဘာကိုယုံကြည်ရမလဲ။
    ရဲစခန်းသွား အကူအညီတောင်းရင်လည်း ပါးစပ်က ကူညီပါရစေ၊ ဘာမှမလာလို့ကတော့ အရင်ဖြဲခံရမယ်ဆိုတာ လူတိုင်းသိနားလည်နေကြတယ်။ ဒါမျိုး လုံးဝမရှိသင့်တော့ပါဘူး။

  1. Anonymous said... :

    ရဲဆို တာ သူတို့ရဲ့ရာထူးတက်လမ်းပိတ်မှာ စိုးတဲ့အတွက် လူဆိုးတစ်ရာ လွတ်ရင်လွတ်ပစေ လူကောင်းတစ်ယောက် ကို မှားပြီးအပြစ်မပေးရ ဆိုတဲ့ စကားနဲ့ ဆန့်ကျင်စွာ လူရိုးတစ်ယောက်ကို ဓါးစာခံလုပ်တတ် ကြပါတယ်.ကျွန်တော်တို့ပတ်ဝန့်းကျင်မှာ မှားပြီး အပြစ်ပေးခံရတဲ့ သူတွေရှိ သလို KTV , မာဆက်၊နှစ်လုံးဒိုင်၊ ချဲဒိုင် ၊ဘောလုံး ဒိုင်တွေ ဆီက လစဉ်လိုင်းကြေးကောက် ပြီး လူဆိုး ကိုကာကွယ်ပေး နေ တဲ့ ရဲ ဆိုတာ ကိုလူကောင်းတော်တော်များများက မပတ်သက်ချင် ကြပါဘူး။လူကြီးတွေ ကလည်း မသိချင် ယောင် ဆောင်နေတော့ ကျွန်တော်တို့ဘာလုပ်နိုင် မာလဲ။




Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved