ကိုယ်နဲ့ အဖွဲ့အစည်း နာမည်ကြီးဖို့၊ အလှူငွေရဖို့ပဲ မလုပ်ကြပါနဲ့

Monday, January 14, 2013





ကျွန်တော်က ရန်ကုန်ဇာတိ၊ ကျွန်တော့်အဖေက ဦးစိန်တင်၊ ဒေါ်မြသန်း။ ၁၉၅၉ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ မှာမွေးပါတယ်။ မောင်နှမသုံးယောက် ရှိတယ်။ အစ်မက ဒေါက်တာချိုချိုအေး၊ အင်္ဂလန်မှာ ဆရာဝန် လုပ်နေတယ်။ 

ကျွန်တော်က အလတ်၊ ကျွန်တော့်ညီက အောင်မင်း၊ အမေရိကား ဟောလိဝုဒ်မှာ Graphic Designer လုပ်နေတယ်။ ကျွန်တော့်ရဲ့ နာမည်အရင်းက ကျော်ဝင်း၊ အနုပညာ အလုပ်စလုပ်မယ်ဆိုမှ ဆရာမင်းသိင်္ခ က ကျော်သူဆိုပြီး နာမည်ပေးလိုက်ရာကနေစပြီး ကျော်သူဖြစ်လာခဲ့တာပါ။ ကျွန်တော်ငယ်ငယ်တုန်းက ကိုယ်လုပ်ချင်တာကို လုပ်ခဲ့တာ။ 

ပညာရေးဆိုလည်း ထိထိရောက်ရောက် မလုပ်ခဲ့ဘူး။ မိဘကဆူရင်လည်း ခေါင်းထဲမထည့်ဘူး။ ပန်းချီဝါသနာပါခဲ့တယ်။ အဲဒီတော့ ဆရာဦးသောင်းဟန်ဆီမှာ နွေရာသီ ပန်းချီသင်တန်းတက်ခဲ့တယ်။ ကျွန်တော့်အဖေက နဂိုတုန်းက နိုင်လွန်စက်ရုံလုပ်ငန်းလုပ်တယ်။ 

၁၉၆၂ ခုနှစ်မှာ ပြည်သူပိုင်သိမ်းတော့ အဖေလည်းလုပ်ငန်းပျက်ပြီး ထောင်ကျသွားခဲ့တယ်။ ထောင်က ထွက်လာပြီးတဲ့အချိန်မှာ အမျိုးသားတိုးတက်ရေး ရုပ်ရှင်လုပ်ငန်းကို လုပ်ခဲ့တယ်။ ပြီးတော့ ကာသန်ရုံ ရှယ်ယာ ပါတယ်။ အဲဒီတော့ ကျွန်တော် ငယ်ငယ်လေးကတည်းကစပြီး ရုပ်ရှင်မှာ ၀ါသနာပါခဲ့တာ။ ဝင်ရောက်လုပ်ကိုင်ချင်စိတ်တွေ ပေါ်ပေါက်လာခဲ့တယ်။ 

ဇာတ်ညွှန်းလေးတွေ ဘာတွေ ရေးဖြစ်တယ်။ ပန်းချီနဲ့ ဆက်စပ်ပြီးတော့ ဒါရိုက်တာပညာကိုပါ လေ့လာ  
ဖြစ်တယ်။ သင်ဆရာဆိုလို့ မရှိဘူး။ မြင်ဆရာနဲ့ပဲ ကြိုးစားလာခဲ့တာ။ ကျောင်းက အထက (၁) ဒဂုံမှာ ပညာသင်တယ်။ ဒဂုံ (၁)မှာ ဆယ်တန်းအောင်ပြီး ဒေသကောလိပ် second-best regional မှာ စတက်ခဲ့ တယ်။ တက်တော့လည်း ပညာရေးကို ပီပီပြင်ပြင် မကြိုးစားဘူး။ 

စာမေးပွဲ တဖုန်းဖုန်းကျခဲ့တယ်။ နောက်မိန်းမခိုးပြေးပြီး အိမ်ထောင်ကျခဲ့တယ်။ မိန်းမရမှ အလုပ်တစ်ခုခု လုပ်ရင်ကောင်းမယ်ဆိုပြီးတော့ ဒါရိုက်တာဦးမျိုးမြင့်အောင်၊ ဒါရိုက်တာ ဦးမင်းနိုင်၊ ဒါရိုက်တာ ဗိုလ်ဘကို၊ ဒါရိုက်တာ မောင်ဝဏ္ဏတို့ကနေ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာတဲ့အချိန်မှာ စပြီး ဒါရိုက်တာ ဦးမျိုးမြင့်အောင်နဲ့ ဇာတ်ကားစရိုက် ဖြစ်ခဲ့တာပေါ့။ နှစ်ကိုယ်ခွဲဇာတ်လေး တစ်ပုဒ်။ ကျွန်တော်က နဂိုကတည်းက ရုပ်ရှင် ရိုက်ဖို့ ရှိတယ်။ 



အိမ်က ကျောင်းမပြီးသေးတော့ သဘောမတူတဲ့အတွက် လာကမ်းလှမ်းလာတဲ့ ကိစ္စတွေ အမျိုးမျိုး ဖြစ်  ကုန်တာ။ ဒါရိုက်တာ ဦးမျိုးမြင့်အောင် ကမ်းလှမ်းလာတဲ့ အချိန်ကျတော့ ကျွန်တော်က အိမ်ထောင်ကျပြီ။ အလုပ်တစ်ခု လုပ်သင့်ပြီဆိုတဲ့အချိန်ကျတော့ အိမ်ကလည်း ခွင့်ပြုလာခဲ့တယ်။ အဲဒီလိုနဲ့ ရုပ်ရှင်လောက ထဲကို စတင်ရောက်ဖြစ်ခဲ့တာပါ။ 

ပထမဆုံး ရိုက်တဲ့ဇာတ်ကားက “ချစ်ကြိုးလေးနှစ်မျှင်”၊ တင်နီလာဝင်း၊ သီတာဝင်း၊ ကိုသုမောင်၊ အန်တီ ချိုပြုံးတို့ ပါဝင်တယ်။ ကျွန်တော်က နှစ်ကိုယ်ခွဲအဖြစ် သရုပ်ဆောင်ရတာပေါ့။ အဲဒီဇာတ်ကားကြီးကနေ စတင်အောင်မြင်ခဲ့ပြီး တောက်လျှောက်ရိုက်လာခဲ့တာ။ “ကောင်းချစ်တဲ့မမ” ဇာတ်ကားကျတော့ ကျွန်တော် ဒါရိုက်တာအဖြစ် စတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါ့။

 “အတွေ့”၊ “ဒဏ္ဍာရီထဲက သတို့သမီး”၊ “ဆေးပေါင်းခတဲ့ည”၊ “ပုဏ္ဏားဘကွန်း”၊ “အမေနို့ဖိုး” ဇာတ်ကား ကြီးတွေက ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးတွေပါ။ သရုပ်ဆောင်လုပ်ရင်းကနေ “တစ်ပြည်သူမရွှေထား” ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဆုကို ရရှိခဲ့တယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ နီးပါးလောက် ရိုက်ကူးခဲ့တယ်။ ဗီဒီယိုဇာတ်ကားကတော့ အများကြီးပေါ့။

 နောက် ကျွန်တော်ဒါရိုက်တာ လုပ်ခဲ့တဲ့ “အမေ့နို့ဖိုး” ဇာတ်ကားကြီးမှာကျတော့ စုစုပေါင်း အကယ်ဒမီ ခုနစ်ဆုရခဲ့တယ်။ နောက် ၂၀၀၇ ခုနှစ်မှာကျတော့ သံဃာအရေးအခင်းကြောင့် အနုပညာလုပ်ကိုင်ခွင့် ပိတ်ပင်ခံရတယ်။ အဲဒီမတိုင်ခင် ၂၀၀၁ မှာ အနုပညာအလုပ် လုပ်နေရင်းနဲ့ ဘဘဦးသုခကနေ နာရေး ကူညီမှုအသင်းအဖွဲ့ ဖွဲ့တဲ့အချိန်မှာ ရန်ကုန်မှာ အသင်းဖွဲ့တဲ့အချိန်က စတင်ပါဝင်ခဲ့တာ။

 ခုအချိန်ထိပဲပေါ့။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ပြန်ကြည့်မိတဲ့အခါမှာ အိမ်ထောင် ကျပြီးတော့ အလုပ်အကိုင် ရှာဖွေရမယ်ဆိုပြီးတော့ အလုပ်ရှာခဲ့ပေမယ့် အလုပ်မရှိဘဲနဲ့ နေနိုင်တဲ့ အတိုင်း အတာ ရှိခဲ့တယ်။ သို့သော် လူဖြစ်တဲ့အတွက်ကြောင့်မို့ အလုပ်တစ်ခု ရှိရမယ်။ ကိုယ့်မိသားစု ရပ်တည်ဖို့ အတွက်၊ ကိုယ်ကိုယ်တိုင် ရှာဖွေမှရမယ်။ 

မိဘကိုပဲ အားကိုးလို့ မရဘူးဆိုတဲ့ အသိတစ်ခုကြောင့် အလုပ်တစ်ခု လုပ်ခဲ့တယ်။ ကျွန်တော်တို့ အိမ်ထောင်ကျပြီးတဲ့နောက် ရရှိတဲ့ လက်ဖွဲ့ငွေလေးကိုစုပြီး မုန့်ကြွပ်လုပ်ငန်းကို လုပ်မယ်ဆိုပြီးတော့ မန္တလေးကနေ မု့န်ကြွပ်မှာတယ်။ ရန်ကုန်ကနေတစ်ဆင့် ဧရာဝတီတိုင်းဘက်ကို ဖြန့်ခဲ့တာ။ အဲဒါကလည်း ရှုံးတာပါပဲ။ အခုလို ပါကင်ကောင်းကောင်းမရှိတော့ မုန့်ကြွပ်တွေက ရန်ကုန်ရောက်ရင် အကုန်ကျိုးပဲ့ ကုန်တော့ အဲဒီလုပ်ငန်းမှာ ရှုံးတော့ မလုပ်ဖြစ်တော့ဘဲနဲ့ ရုပ်ရှင်လိုင်းဘက်ကို ရောက်လာပြီးသရုပ်ဆောင်  
ဖြစ်ခဲ့တာ။ သားသမီးနှစ်ယောက် ရတယ်။ 

သားကတော့ ပြည်သိန်းကျော်နဲ့ သမီးမြင့်မိုရ်ဦး၊ ပြည်သိန်းကျော်က အခုဆိုရင် အမေရိကားမှာ အင်ဂျင်နီ ယာဘွဲ့ ရပြီးတော့ လေယာဉ်ကုမ္ပဏီမှာ လုပ်နေတယ်။ သမီးကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော့်ကိုဖမ်းဖို့ လုပ်နေတုန်း သမီးနဲ့ စေ့စပ်ထားတဲ့ ကောင်လေးနဲ့ သြစတေးလျကို လွှတ်လိုက်တယ်။ 

ဆေးကျောင်း ဒုတိယနှစ်မှာ ထွက်သွားခဲ့ရတယ်။ အခုတော့ ဆေးကျောင်းပြန်တက်နေပြီး   နောက်ဆုံး 
နှစ်ရောက်တော့မယ်။ အခုချိန်မှာ ကျွန်တော်က မြေးနှစ်ယောက် ရနေပြီပေါ့။ ကျွန်တော့်ဇနီးကတော့ သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖြစ်ခဲ့တယ်။ 

သူ့ကြောင့် သားသမီးတွေက ထူးချွန်ထက်မြက်လာခဲ့တယ်။ အားကစား၊ ပညာရေးက အစပေါ့။ ကျွန်တော်က အနုပညာကနေရတဲ့ ငွေကြေးအားလုံးကို သူ့ဆီအပ်တယ်။ သူက ထိန်းသိမ်းပြီးတိုးပွားအောင် လုပ်ခဲ့တာ။ အခုအလုပ်အကိုင် မရှိပေမယ့်လည်း ထမင်းစားမပြတ်ဘဲနဲ့ လူလိုသူလို နေနေရတာပေါ့။ 

 ကျော်သူဆိုပြီးသိလာတာကတော့ ရုပ်ရှင်သမားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံး ဇာတ်ကားမှာကတည်းက ကျော်သူဖြစ်လာတယ်။ ဒါပေမဲ့ ကျော်သူရဲ့ တန်ဖိုးကိုသိသေးတာ မဟုတ်သေး ဘူး။ ၂၀၀၁ ခုနှစ်မှာ ဘဘ ဦးသုခတို့နဲ့အတူ နာရေးကူညီမှုအသင်းကို တွဲလုပ်ခါစမှ ကျော်သူရဲ့ တန်ဖိုး ကိုသိလာတယ်။ 

အနုပညာမှာ အောင်မြင်တဲ့နာမည်ကို သုံးပြီးတော့ လူမှုရေးလုပ်ငန်းတွေမှာ လုပ်တဲ့အခါ ထိရောက်တဲ့ လက်နက်တစ်ခု ဖြစ်လာတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ရတယ်။ လူမှုရေးလုပ်တယ် ဆိုတာကလည်း ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့ရတဲ့ အတွက်ကြောင့်မို့ ဒီလောက်ထိ အောင်မြင်ခဲ့တာပါ။ 

အနုပညာသမားတွေကို သိမ်းကျူံးပြီး စော်ကားတာ မဟုတ်ပါဘူး။ ကျွန်တော်လည်း အနုပညာသမား စစ်စစ်တစ်ယောက်ပါ။ ဒါပေမဲ့ ရုပ်ရှင်မင်းသားဆိုတာက ကိုယ်နာမည်ကြီးဖို့၊ ကိုယ့်ပရိသတ်များဖို့၊ ကိုယ် ပိုက်ဆံရဖို့ အတွက်ကြောင့်ပဲ လုပ်ကိုင်ကြတာပါ။ ကိုယ့်အတွက်ချည့်ပဲ လုပ်ကြတာပါ။ ဒါကြောင့် ရုပ်ရှင် သည်လည်း ပြည်သူ့အတွက်ဆိုပြီး ကြွေးကြော်နေစရာလည်းမလိုပါဘူး။

 ပြည်သူ့အတွက်ဆိုပြီး ပြည်သူ့အတွက် ဘာတွေလုပ်လို့လဲ။ ပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေကို တင်ပြပေးနိုင်မှ ပြည်သူ့အတွက်ဖြစ်တယ်။ တကယ်အကျိုးရှိမယ့် ဇာတ်ကားတွေကို ရိုက်နိုင်မှ ပြည်သူ့ အတွက် ဖြစ်မယ်။ ဒါကလည်း ကျွန်တော်ကိုယ်တိုင်လည်း ရိုက်ခဲ့တာတွေပါ။ ခေတ်ရဲ့ အခြေအနေကြောင့်၊ ဆင်ဆာရဲ့ ပိတ်ဆို့မှုတွေကြောင့် ရိုက်ခဲ့ရတာ ချစ်၊ ကြိုက်၊ ညား၊ ကွဲ ဟာသ တွေကလွဲပြီး ထိုးဖောက်ပြီး ရိုက်လို့မရခဲ့တာတွေကို ရုပ်ရှင်သမားတွေအတွက် ကိုယ်ချင်းစာတယ်။ 

ဒါပေမဲ့ အခုလိုခေတ်ပြောင်းလာတဲ့ အချိန်မှာ ဆင်ဆာကလျှော့ပေါ့လိုက်ပြီ။ အဖက်ဖက်မှ လျှော့ပေါ့လိုက်ပြီ ဆိုတဲ့အချိန်မှာ ရုပ်ရှင်သမားတွေက ပြည်သူ့အတွက်ဆိုပြီး လုပ်သင့်ပါပြီ။ အနုပညာသမားတွေအပြင် ထုတ်လုပ်ရေး၊ အယ်ဒီတာ၊ စီးပွားရေးသမား၊ မင်းသား၊ မင်းသမီးတွေရဲ့ တာဝန်တွေလည်း ရှိပါတယ်။ 

အခုဆိုရင် ကျွန်တော်ကျော်သူကို ဇာတ်ကားပြန်ရိုက်ခွင့်ပြုပြီလို့ ကြားရတာက လေသံသဲ့သဲ့လေးပဲ ကြားရတယ်။ တရားဝင် စာနဲ့ ခွင့်ပြုတယ်ဆိုပြီးတော့ မရောက်လာသေးဘူး။ စာရောက်မလာတဲ့အတွက် ဘယ်သူမှလည်းမလာဘူး။ တကယ်လို့ ရိုက်ခွင့်ပြုခဲ့မယ်ဆိုရင်လည်း ကျွန်တော်က ရိုက်ချင်မှရိုက်မှာ။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ကျွန်တော်လုပ်နေတဲ့ လူမှုရေးအလုပ်ဆိုတာ ဘာမျှော်လင့်ချက်မှ မထားဘဲ လုပ်ရတဲ့အလုပ်၊ ဘာဖြစ်လို့ ဖြစ်လာမလဲ ဆိုတာမသိဘူး။ 

ကိုယ့်စားဝတ်နေရေးက လူမှုရေးအသုံးချပြီး နေလို့မရဘူး။ ၂၀၀၁ ခုနှစ်ကနေ ခုအချိန်ထိ ကိုယ့်ထမင်း ကိုယ် ဝယ်စားနေရတယ်။ ကိုယ့်ဓာတ်ဆီ၊ ကိုယ့်ကားနဲ့ လာရတယ်။ အနစ်နာခံရတာတွေ အများကြီး ပါပဲ။ ပြည်ပမှာခေါ်တဲ့ ပြည်သူ့ဂုဏ်ရည်ဘွဲ့ NED ဆုပေးပွဲဆိုရင် ဟိုမှာနေဖို့ ၉ ရက်စရိတ်ကို ဟိုတယ် ခပေးထားတယ်။ 

ဆက်နေရင် ကိုယ့်အပိုင်းပဲ။ NED ၉ ရက် မှာ နှစ်လကြာသွားတယ်။ ကိုယ့်အတွက် ဈေးဝယ်ထွက်ဖို့ မဟုတ်ဘူး။ အများအတွက်ပဲ ခေါင်းထဲမှာထည့်ပြီး ပြည်ပနိုင်ငံနဲ့ ဘယ်လို အဆက်အသွယ်လုပ်မယ်၊ ဘယ်လို အကူအညီရမလဲ သူတို့ဆီမှာ နာရေးဆိုရင် သင်္ချိုင်းတွေကိုဘယ်လို အသုံးချလဲ။ လူ့သင်္ချိုင်း၊ တိရစ္ဆာန်သင်္ချိုင်းတွေ အကုန်လုံးကို လေ့လာခဲ့ရတယ်။ နာရေးကူညီမှုအသင်းမှာ နေတာများတယ်။ 

တစ်နှစ်ခွဲ နှစ်နှစ်နီးပါး ရှိပါပြီ။ အသင်းမှာ အိပ်ရတာ များတယ်။ ညဘက်ဆိုရင် ဖုန်းဆက်ပြီး အကူ အညီ  
တောင်းတာတွေ ရှိပေမယ့် မလုပ်ပေးနိုင်ပေမယ့် မနက်ကျမှ ဖြေရှင်းပေးခဲ့ရတာတွေ ရှိတယ်။ 

ကိုယ်ကိုယ်တိုင် အနစ်အနာခံပြီး ပေးဆပ်မှ လူမှုရေးလုပ်ငန်းက အောင်မြင်တာပါ။ လူမှုရေး အသင်း အဖွဲ့  တွေ အခုဆိုရင် များလာတာ လက်ခံပြီး ကြိုဆိုပါတယ်။ ပြည်သူ့အတွက်၊ အများအတွက် ကူညီပေးနိုင်တာ အရမ်းကောင်းပါတယ်။ သို့သော် လူမှုရေးလောကကလည်း အခုဆိုရင် စိုးရိမ်ရတဲ့ အခြေအနေကို  
ရောက်နေတယ်။

 နိုင်ငံရေး၊ စီးပွားရေးလောကလို ဖြစ်လာတယ်။ လူမှုရေးလုပ်တယ်ဆိုရင် ပြည်သူတွေက ချစ်တယ်၊ အားပေးတယ်ဆိုတာကို တော်တော်များများ သိကုန်ကြပြီ။ အဲဒီတော့ စီးပွားရေးသမားကလည်း လူမှုရေးကို ခုတုံးလုပ်ပြီး ငွေကြေးကို အမြတ်ထုတ်ချင်သူတွေ ရှိတယ်။ မသမာနည်းလမ်းတွေ များလာရင် တိုင်းပြည် အတွက် မကောင်းဘူး။ ပြည်သူအတွက် ထိခိုက်တယ်။ ပြီးတော့ ကိုယ့်သမိုင်းလည်း လှမှာမဟုတ်ပါဘူး။

 ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်သီလကိုယ်လုံ ဆိုပြီး ကျွန်တော် အဲဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီး လုပ်ဆောင်နေတာပါပဲ။ ကျော်ဝင်းဘ၀နဲ့ ကျော်သူဘ၀က အများကြီးကွာခြားနေတယ်။ အခုဆိုရင် ကျွန်တော် အနုပညာသက်တမ်း ၃၅ နှစ်ရှိခဲ့ပြီ။ 

ငယ်နာမည် မောင်မောင်ဘဝ၊ အဲဒီကနေ ကျော်ဝင်းဘဝ၊ ကျော်သူဘဝတွေက ကြားထဲမှာ အလှည့် အပြောင်းတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရတယ်။ ကျော်သူဘဝ နှစ်နှစ်ဆယ်လောက်ထိက လူရယ်လို့ သတ်မှတ်လို့ မရသေးဘူး။ လူမပီသသေးဘူး။ လူမဖြစ်သေးဘူးပေါ့။ လူပီသတာ ၂၀၀၁ ခု နောက်ပိုင်း ကျမှ။ 

အထူးအားဖြင့် ၂၀၀၇ ကျမှ ကိုယ့်ကိုယ်ကိုယ် လူပီသတဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ အရင်ဘဝတွေတုန်းကတော့ ကိုယ့်အတွက်ချည်းပဲ လုပ်ခဲ့တာ။ ငယ်ဘဝတွေတုန်းက ဆိုရင်လည်း ကိုယ်ပျော်ဖို့ပဲ၊ ကစားဖို့ပဲ။ သူငယ်ချင်းတွေနဲ့ လည်မယ်။ ရုပ်ရှင်ကြည့်မယ်။ ဒါပဲရှိခဲ့တာ။ ကိုယ့်ရဲ့ ပျော်ရွှင်မှု စိတ်ချမ်းသာမှုတွေကိုပဲ ကိုယ့်အတွက်ကို ရှာခဲ့တာ။ 

တကယ်စိတ်ချမ်းသာမှု အစစ်ဆိုတာက ၂၀၀၇ ခုနစ် နောက်ပိုင်းမှ တွေ့ခဲ့တာ။ ဆရာတော်ဘုရားကြီးတွေနဲ့ ထိတွေ့မှုတွေ ရှိလာခဲ့ပြီး ကိုယ့်ရဲ့ စိတ်ချမ်းသာမှု အစစ်ဆိုတာ သိလာခဲ့တယ်။ အခုဆိုရင် ကျွန်တော့်ကို တချို့က ပြောတယ်။ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေး၊ ဆံပင်ရှည်နဲ့ ဘာဖြစ်တာလဲ၊ ဘိုးတော်လုပ်မလို့လား၊ တချို့ဆိုရင် မူဆလင်တွေကို အားကျလို့လား စသည်ဖြင့် ပုတ်ခတ်တဲ့စကားတွေနဲ့ တိုက်ခိုက်လာကြတယ်။ 

ဒါပေမဲ့ လူ့ရဲ့ ပုံပန်းသဏ္ဌာန်က ဘာကြီးပဲဖြစ်ဖြစ် နှလုံးသားလှဖို့က အရေးကြီးတယ်။ ကျွန်တော့်ခေါင်းထဲမှာ လူတွေအတွက် ဘယ်လိုအကျိုးပြုရင် ကောင်းမလဲဆိုတာပဲရှိတယ်။ ကျွန်တော်ဂရုမစိုက်ဘူး။ ဒါကတော့ အခုလက်ရှိ ကျော်သူ့ဘဝမှာ ခံစားနေရတဲ့ ခံစားချက်တွေပေါ့။ အခုလို စကားပြောနေရင်း အရင်တုန်းက  
ကျော်သူဘ၀ကို ခဏတဖြုတ် ပြန်လှည့်ကြည့်ချင်ပါတယ်။ 

 အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ကျော်သူရဲ့ ဆံပင် ပုံစံဆိုပြီး အရင်တုန်းက တစ်ခေတ် ဖြစ်ခဲ့တယ်။ အဲဒါကလည်း အဲဒီလို ဆံပင်ပုံစံ ထားချင်တဲ့စိတ်ဖြစ်နေတဲ့ အချိန်မို့လိုသာ ထားဖြစ်ခဲ့တာ။ ပထမဦးဆုံး ဇာတ်ကားမှာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်က ကျွန်တော့်ကို ဆံပင်ရှည်ထားပြီး ရိုက်ချင်တယ်။ ကျွန်တော့် ဆံပင်ပုံစံကလည်း ထိပ်တည့်တည့်မှာ ဆံပင်က အလယ်ခွဲပုံစံ ဖြစ်နေတယ်။ 

အဲဒီဆံပင်ပုံစံက ကျွန်တော့်မိန်းမက ညှပ်ပေးလိုက်တဲ့ ဆံပင်ပုံစံ။ အဲဒီဆံပင်ပုံစံက ခေတ်တစ်ခေတ်  
ဖြစ်လာခဲ့ပြီး ခေတ်စားလာခဲ့တယ်။ နာမည်ကြီးလာတော့လည်း နာမည်ကြီးသူရဲ့ နေပုံထိုင်ပုံ၊ သွားလာ ပုံတွေက ခေတ်စားလာတာပေါ့။ နောက်ပြီး ကျွန်တော်လွယ်တဲ့လွယ်အိတ်မှာ လွယ်အိတ်ထုံးပုံစံကလည်း တစ်ခေတ်ဖြစ်လာခဲ့တယ်။ 

ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရဲ့ လွယ်အိတ်ကြိုးထုံးခဲ့တဲ့ ပုံစံကိုကြည့်ပြီး ကျွန်တော့် ဇာတ်ကား တစ်ကားမှာ ကိုယ့်ကာရိုက်တာကို စဉ်းစားရင်းနဲ့ ဒီလိုကာရိုက်တာလေး လုပ်လိုက်မယ်ဆိုပြီး လုပ်လိုက်တာ နာမည်ကြီးသွားခဲ့တာပါပဲ။ ဒီလိုနာမည်ကြီးမှုကို အသုံးချဖို့လည်း ကိုယ်က လိုအပ်ပါတယ်။ 

နာမည်ကြီးနေတဲ့ မင်းသား၊ မင်းသမီးတွေက ကိုယ်နာမည်ကြီးနေတုန်း အများအကျိုးအတွက် လိပ်ပြာ သန့်သန့်လုပ်ပေးဖို့ အရေးကြီးတယ်။ နာမည်ကြီးပြီး မသာချရင် နာမည်ပိုကြီးမယ်ဆိုတာ ဘယ်သူမှပြော လို့မရပါဘူး။ ကျော်သူ မသာချပေးလို့ နာမည်ကြီးအောင် လုပ်တယ်လို့ ပြောတဲ့သူတွေရှိတယ်။

 ဂရုမစိုက်ပါဘူး။ အဲဒါဆိုရင် ခင်ဗျားတို့နာမည်ကြီးချင်ရင် မသာချ ကြည့်ပါလားလို့ ပြန်ပြောချင်တယ်။ မသာပဲချချ၊ ကျန်းမာရေး၊ ပညာရေး ကူညီမှုပဲလုပ်လုပ် ကိုယ်နာမည်ကြီးဖို့၊ ကိုယ့်အဖွဲ့အစည်း နာမည် ကြီးဖို့၊ အလှူငွေရဖို့ပဲ မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ 

Ref: 8 Days Journal

1 comments :

  1. Ma Susanna said... :

    အရမ်းကိုလေးစားဂုန် ယူပါတယ်ကိုကျော်သူ..ရွေဇီူကွက် ကိုလည်းပါရမီဖြည့်ဖက်တစ်ဦးအနေနဲ့  ဦးညွတ်ပါတယ်.. ဒေါက်တာဘွဲ့ နဲ့ အရမ်းကိုထိုက်တန် ပါတယ်..

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved