အဖော်အချွတ်တော့ ရတယ်၊ ပန်းချီပြပွဲကတော့ .... အင်း....

Saturday, December 22, 2012


~



ရွက်စိမ်း ~

စကပ်တိုတိုနဲ့အမျိုးသမီးပုံ စာနယ်ဇင်းမှာ ဖော်ပြချင်သလား၊ လုပ်လိုက်လေ။
အ၀တ်အစား ခွာချတော့မယ့်  အမျိုးသမီးပုံလား၊ ဒါလည်း လုပ်လိုက်ပါ။
ပန်းချီပြပွဲ?
အင်း .... ဒါကတော့ .....

    ဒီကနေ့မြန်မာပန်းချီလောကရဲ့ လွတ်လပ်စွာဖန်တီးနိုင်မှု၊ ပန်းချီဆရာတွေရဲ့ ရပ်တည်မှုနဲ့ အခြေအနေ တချို့ အကြောင်းကို အလံပြဘုရားလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် မှာဖွင့်ထားတဲ့ MYANMAR INK Art Gallery  ပြခန်း တာဝန်ခံဖြစ်တဲ့ ကိုစိုးနှင်းအောင်(SNA) က ဧရာဝတီ ဘလော့ကို ယခုလိုပြောကြားခဲ့ပါတယ် ။ 

“ပန်းချီအတွက်တော့ လွတ်လပ်မှုက လုံးဝ မရှိသေးဘူး၊ စိစစ်ရေး (ဌာန) ကို အခုထိ တင်နေရတုန်းပဲ။
 မြန်မာတပြည်လုံးကို ပြန့်သွားနိုင်တဲ့ဂျာနယ်၊ မဂ္ဂဇင်းတချို့ မှာတော့ အဖော်အချွတ်တွေကို ခွင့်ပြုထားပြီးတော့
လူ ၅၀၊ ၁၀၀ လောက် လာကြည့်တဲ့ ပန်းချီပြပွဲအတွက်တော့ စိစစ်ရေးကရှိနေတုန်းပဲ” လို့ ပန်းချီပြပွဲများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ကန့်သတ်မှုတွေ လုပ်နေသေးတဲ့အပေါ်မှာ သူ့အမြင်ကို ပြောကြားခဲ့ပါတယ်။

မြန်မာပြည်မှာပန်းချီဆရာတစ်ယောက်၊ အနုပညာသမားတစ်ယောက်အဖြစ် ရပ်တည်ရတာဟာ အနုပညာရှင်အများစုအတွက် အင်မတန် ခက်ခဲပါတယ်။
ဒီလိုရပ်တည်ဖို့ခက်ခဲတဲ့ အခြေအနေတွေ ကြားမှာပဲ မြန်မာပန်းချီဆရာတွေဟာ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို ကြိုးစား အားထုတ်နေကြရတာလည်းဖြစ်ပါတယ်။ 

ဝေဖန်ရေး နည်းတယ်၊
ပြပွဲကို စိစစ်နေတယ်၊

ပန်းချီ အနု ပညာရပ်ကို ဖန်တီးနေကြတဲ့ ပန်းချီဆရာတွေမှာ အခက်အခဲတွေ ရှိကြသလို စီးပွားရေးချွတ်ခြုံကြပြီး တစ်ချိန်က အာဏာရှင် အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ စားဝတ်နေရေးအတွက်သာလုံး ပန်းနေရှာတဲ့ မြန်မာပြည်သူတွေဟာလည်း အနုပညာရပ်တွေကို ခံစားနိုင်ဖို့ ဒီကနေ့အထိ အခြေအနေ မပေးသေး၊ အဆင်သင့် မဖြစ်သေးပါဘူး။

ပန်းချီပြပွဲများမှာ ပန်းချီဆရာနဲ့ နီးစပ်သူတွေ၊ အနုပညာ အသိုင်းအ၀န်းက ပုဂိုလ်တွေ နဲ့ စိတ်ပါဝင်စားသူ တချို့ကိုသာ တွေ့ရတတ်တာပါ။ 

ပန်းချီလောက ဖွံ့ဖြိုးဖို့အတွက် နိုင်ငံတကာစံနူန်းအရ 
ဖန်တီးသူအနုပညာရှင် (ပန်းချီဆရာ)၊
အနုပညာ ဝေဖန်ရေးဆရာများ၊
အနုပညာပစ္စည်း ၀ယ်ယူစုဆောင်းသူများ၊
 ပြပွဲစီစဉ်သူများ၊
ပြခန်းများ၊ ပြတိုက်များ စသဖြင့် လိုအပ်ပါတယ်။

 မြန်မာပြည်မှာ အခုနောက်ပိုင်း အနုပညာပစ္စည်းတွေကို ၀ယ်ယူစု ဆောင်းသူတွေ ယခင်ကထက် ပိုများလာပါပြီ။ ပြခန်းတွေလည်း ပိုများလာပါတယ်။
ဒါပေမယ့် အနုပညာနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားတာနဲ့ အနုပညာစာစောင်တွေ အားနည်းနေသေးတယ်လို့ ပန်းချီလောကသားတဦးဖြစ်တဲ့ ကိုစိုးနှင်းအောင်က ပြောပါတယ်။


ကိုစိုးနှင်းအောင်ဟာ MYANMAR INK Gallery ရဲ့ ပြခန်းတာဝန်ခံအဖြစ် ဆောင်ရွက်နေပြီး ကမ်းနားလမ်းဟိုတယ်က  ဂီတသမား (Classical Guitar Player) လည်း ဖြစ်ပါတယ်။ 

 မီဒီယာတွေမှာ ပန်းချီပြပွဲသတင်းတွေ ပါနေပေမဲ့ ပွဲလုပ်ပြီးခါမှ ရေးသားဖော်ပြကြတာ ဆိုရင် ပြပွဲအတွက် ထိ ရောက်တဲ့သတင်း မဟုတ်ဘူးလို့ သူကပဲ ပြောပါတယ်။


ပန်းချီဆရာတွေဟာ ငွေကြေးထက် အနုပညာကိုသာ   ဖန်တီးပြီး ပျော်မွေ့သူတွေပါ။ လူထုနဲ့အနုပညာရပ်တွေ ပိုမို နီးစပ်မှုရှိလာဖို့ မီဒီယာတွေက အခုထက်ပိုပြီး အားစိုက်ထုတ်သင့်တဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

ပန်းချီအစည်းအရုံး ရှိပေမဲ့လည်း ပန်းချီလောက ဖွံ့ဖြိုးဖို့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မရှိသေးတဲ့အပေါ်မှာ -
“အစည်းအရုံးကနေလုပ်ရမှာက ပန်းချီလောက ဖွံ့ဖြိုးဖို့ အတွက်ပဲ၊ ဒါကို အားလုံး ပါဝင် စဉ်းစားရမှာဖြစ်ပါတယ်။ ယခင်အစည်းအရုံး သက်တမ်း တလျှောက်မှာ ရှိခဲ့တဲ့ အားနည်းချက်တွေ အပေါ်မှာလည်း ပြန်လည် သုံးသပ်သင့်ပါတယ်။  နိုင်ငံတကာ အနုပညာရှင်တွေနဲ့ ပြည်တွင်းက အနုပညာရှင်တွေနဲ့ ထိတွေ့နိုင်အောင် ဖန်တီးပေးတာမျိုးတွေကိုလည်း လုပ်သင့်ပါတယ်။ ပြီးတော့ ပြတိုက် ဖြစ်ပေါ်လာအောင်လို့ ပန်းချီ အစည်းအရုံး အနေနဲ့ လုပ်ဆောင်သင့်တယ်” လို့ ကိုစိုးနှင်းအောင်ကပြောပါတယ်။

မြန်မာပြည်ဟာ ပန်းချီအနုပညာရှင်တွေ ရပ်တည်ဖို့ ခက်ခဲပါတယ် တဲ့။






















-

4 comments :

  1. Numega said... :

    မြန်မာပြည်အတွင်းမျာက ပန်းချီဆိုလျှင် ခံစားကြည့် ကြည့်တတ်သူ အလွန်နည်းပါးပါသေးတယ်။ လှတယ်ဆိုတဲ့ အသိလောက်နဲ့တင် ပြီးသွားကြတာကများနေတယ်။ တစ်ချို့ဆို ပန်းချီကားလာဝယ်တယ်၊ ဘာလုပ်ဖို့လဲဆိုတော့ လက်ဆောင်ပေးဖို့တဲ့၊ ဘယ်လိုပန်းချီကားဝယ်သွားလဲဆိုတော့ သူတို့မျက်စေ့ထဲ လှတယ်၊ ပြီးတော့ အရောင်စုံတယ်။ ဒါမျိုးလောက်နဲ့တင်ပြီးနေတာဆိုတော့ ပန်းချီပညာကို ပန်းချီကို ခံစားတတ်ဖို့ အခြေခံသဘောလောက်ကိုတော့ ကျောင်းတွေမှာ သင်ကြားပေးဖို့ကောင်းတယ်။

  1. pawmyintoo said... :

    ဒါအမှန်ဘဲ ကိုစိုးနှင်းအောင် ၊ရွက်စိမ်း၊ Numega.။ ပန်းချီဆိုတာ ရုပ်နဲ့စိတ် တွဲ လှုပ်ရှားရတဲ့ ဖန်တီးမှူ ပညာဘဲ ။ဒါကိုသူတို့တကယ်စိစစ်တတ်လို့လား ။ မီဒီယာလိုမဟုတ်ဘူး ။ ဖျက်အားနဲပါတယ် (သို့မဟုတ် ) မရှိပါ ။ အပြုအားကတော့ပိုများပါတယ်။ စိတ်ငြီမ်မှ ၊စိတ်ကြည်လင်မှ လုပ်ရတဲ့ အနုပညာကိုး ။တိုးတက်တဲ့နိုင်ငံတွေမှာ ပန်းချီကဏ္ဍ မသေးပါဘူး ။းပန်းချီကားကိုမြင်တတ်ကြည့်တတ်အောင် သင်ပေးနိုင်ရင်ကို တော်တော်ကေင်းလာမယ် ။ အေးချမ်းကြမယ် ။ အနုပညာကိုချစ်တတ်လာရင် ပတ်ဝန်းကျင်ကို မဖျက်စီးဘူး ။သစ်တောမပြုန်းတီးဘူး ။ ရေမဖြုန်းတီးဘူး။ မီးမဖြုန်းတီးဘူး ။အကျင့်ပျက်ချစား မလိုလားဘူး။လူမသတ်ဘူး ။ဒေါသကြီးနေတဲ့အခါ လိုင်းတောင်ဖြောင့်အောင်မဆွဲနှိုင်ဘူး ။အမြင်အာရုံေ၀၀ါးတယ် ။လောဘကြီးနေရင် မဟုတ်တာတွေလုပ်မိပြီး ဂရေးတွေ ဒတ်တီးတွေထွက်လာတယ် ။ လိုင်းရော ကာလာပါ ပါစပက်တစ်တွေ လွဲကုန်တယ်။ တကယ်တော့ ဗဂျီဆိုတာ သိပ္ပံဆန်လွန်းတဲ့ ၀ိဇ္ဖာ ပညာရပ်လို့ပြောရင် ၇တယ် ။ ဒါမမဟုတ် ပတ်ဝန်းကျင် ၊မြင်သိစိတ် ၊ဓမ္မာရုံ (ခံစားသိစိတ်) ၃ခုကို ဆက်စပ်နေတဲ့ ပညာတရပ်ပါပဲ ။ အဲဒီနောက်မှ ရေးဆွဲတဲ့ လူရဲ့မြင့်မြတ်တဲ့ မျှဝေခြင်စိတ်ကြောင့် အတတ်ပညာကို သုံးပြီး တခြားလူသိဘို့ ဝေမျှတာပါပဲ ။ ကဲ ဘာကို ကြည့်ပြီး ဘာပေတံနဲ့တိုင်းကြမှာလဲ ။ဘယ်လိုစိစစ်ပြီး ခွင့်ပြုကြဦ
းမှာလဲ ။မယောင်ရာဆီလူး လေလည်ရာလုံချည်မ မကြပါနဲ့တော့ ။ လူမြင်မကောင်းပါ ။ ဥာဏ်မမီကြောင်း လူသိပါတယ် ။ သဘောထာကြီးဘို့ လိုပါပြီ ။ တကယ်ဖြစ်ုသင့်တာက ဒီပညာရှင်တွေကို တခါကမှ ဟုတ်တိပတ်တိ မချီးမြှောက်ဘူးလို့  ချီးမြှောက်အုန်းမလို့ တွေးသင့်ပါပြီ ။ပန်းချီဆရာတွေက ကြီးပွားဘို့နေနေသာသာ မငတ်အောင်မနဲကြိုစားနေရတဲ့ သမာအာဇီဝတွေပါ ။အလုပ်သဘာဝမြင့်မြတ်လွန်းလို့ မစွန့်လွှတ်နိုင်ကြတာပါ ။ ကျေးဇူးတင်ပါတယ်။

  1. No Art Education in Burma.

  1. SuMieAung said... :

    မဂ္ဂဇင်းတွေမှာလည်း ပန်းချီအနုပညာကို နေရာတစ်ခုပေးပြီး ကဏ္ဍတစ်ခုထားပြီး ဖော်ပြဖို့ ၀န်လေးကြတယ်။ ဂျာနယ်တွေမှာ မဖြစ်စလောက်သတင်းလေးပဲ ပါတတ်တယ်။ ပါပြန်တော့လည်း အရောင်အားနဲ့ ခံစားရှုမြင်ရမယ့် ပန်းချီသတင်းနေရာမှာ ကာလာမပေးဘဲ၊ ဘာမှမဟုတ်တဲ့ နေရာတွေမှာ ကာလာစုံစုံဖော်ပြတတ်တယ်။ မြန်မာပြည်မှာက ပန်းချီအနုပညာကို တန်ဖိုးမထားတတ်ကြသေးဘူး။ မဂ္ဂဇင်းဂျာနယ် အယ်ဒီတာတွေကအစ။ ရုပ်သံသတင်းတွေမှာလည်း ပန်းချီပြပွဲသတင်းလွှင့်ရင် ပန်းချီဘယ်နှကားချိတ်ထားလဲ၊ ဘာနဲ့ရေးလဲ စတဲ့ အပေါ်ယံ ကိစ္စလောက်ပဲ သတင်းပေးနိုင်တယ်။ ပန်းချီဆရာရဲ့ဘ၀၊ သူ့အတွေးအမြင်အယူအဆ၊ ပန်းချီအပေါ်ထားတဲ့ သူ့အာရုံခံစားချက်၊ စတဲ့ ထဲထဲဝင်ဝင် သတင်းအချက်အလက်တွေ ပေးနိုင်စွမ်းမရှိဘူး။ အခု artist SNAရဲ့ ပွင့်လင်းတဲ့သဘောထားအမြင်မျိုး မေးသူ ဖော်ပြသူ မရှိဘူး။ ဒါကြောင့် ဧရာဝတီကို ကျေးဇူးတင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved