ဒေါနတောင်ပတ်ကားလမ်း ပြန်ဖောက်ပြီ

Thursday, November 22, 2012

~
 


ပြည်တော်မြင့် ~

အာရှအဝေးပြေးလမ်းပိုင်း၏ အစိတ်အပိုင်းတခုဖြစ်သည့် ၂၈ မိုင်အရှည်ရှိ မြ၀တီ-ကော့ကရိတ် ဒေါနတောင် ပတ်ကားလမ်း ဖောက်လုပ်ရေး လုပ်ငန်းများကို  ပြီးခဲ့သည့် ရက်ပိုင်းတွင် အစပြုလိုက်သည်ဟု ထိုင်းအင်ဂျင်နီယာတဦးကပြောသည်။

၎င်းက ”ဒီလ ၁၅ ရက်နေ့ကစပြီး လမ်း စဖောက်နေပြီ။ ခေတ်မီနည်းစနစ်နဲ့ဖောက်တာ ဆိုတော့ မြန်မှာပါ။ အချိန်ကတော့ အနည်းဆုံး ၂ နှစ်လောက်တော့ကြာနိုင်ပါတယ်။ ဒီလမ်းကို ထိုင်းကလမ်းတွေလိုဘဲ သတ်မှတ်စံ ချိန်စံညွှန်းတွေနဲ့အညီ ဖောက်လုပ်သွားမှာဖြစ်တယ်” ဟုပြောသည်။


ယနေ့ တွေ့မြင်ရသည့် မြ၀တီမြို့ပြင်ရှိရွာသစ်ရွာ လမ်းဖောက်လုပ်မှု (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)


၎င်းလမ်းပိုင်းကို ထိုင်းနိုင်ငံဘက်က အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် ထိုင်းလမ်းဖောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် SEE SANG YOTHA ကို လုပ်ငန်းလုပ်ပိုင်ခွင့် ချပေးခဲ့ခြင်းဖြစ်သည်။


စီမံကိန်းကို ၂၀၀၄ ခုနှစ်က စတင်ခဲ့သော်လည်း ကရင်ပြည်နယ်အတွင်း နယ်မြေအေးချမ်းခြင်း မရှိသည့်အတွက် ၈ နှစ်နီးပါး ရပ်ဆိုင်းထားခဲ့သည်။

လမ်းသစ်မှာ အတက်အဆင်း နည်းပါးကြောင်း၊ ၁၀ မီတာ အကျယ်ရှိသည့် နှစ်လမ်းသွား နိုင်လွန် ကတ္တရာလမ်းဖြစ်ကြောင်း မြ၀တီမှမြန်မာအင်ဂျင်နီယာတဦးကပြောသည်။ ကရင်ပြည်နယ်၏ အကောင်းဆုံးလမ်းပိုင်း ဖြစ်လာမည်ဟု သူက ခန့်မှန်းသည်။

လက်ရှိအသုံးပြုနေသည့် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော်ကားလမ်းမှာ မိုင် ၄၀ ခန့်ရှိသည်။
တောင်တက် တောင်ဆင်းနှင့် ကွေ့ပေါင်း ၂၀၀ ခန့်ရှိပြီး လမ်းသားကျဉ်းမြောင်းသည်။ ယာဉ် ၂စီး ရှောင်တိမ်းမောင်းနှင်နိုင်ခြင်း မရှိသဖြင့် မြ၀တီသို့ တက်သောကားများက တရက်၊ ကော့ကရိတ်သို့ ဆင်းသောကားများက တရက် အလှည့်ကျ သုံးနေရသည်။ “အတက်နေ့” ဟူသော ဤဒေသ စကား၏ အဓိပ္ပာယ်မှာ မြ၀တီဘက်သို့ယာဉ်များသွားသည့်နေ့ကို ဆိုလိုခြင်း ဖြစ်သည်။
မောင်းချိန် ၃ နာရီခန့် ကြာသည်ဟု ကုန်တင်ယာဉ်မောင်းသူများက ပြောသည်။
လမ်းသစ်ဖောက်လုပ်ပြီစီးပါက ယာဉ်မောင်းချိန်တနာရီခန့်သာကြာမြှင့်မည်ဖြစ်ပြီး နေ့စဉ် အသွားအပြန် မောင်းနှင်နိုင်မည့်လမ်းကြော ဖြစ်သောကြောင့် နယ်စပ် ကုန်သွယ်မှုပြုရာတွင် လွယ်ကူမြန်ဆန်စေမည်ဟု ကုန်သည်များကပြောသည်။

မြ၀တီမှရန်ကုန်မြို့သို့ နေချင်းပေါက်ရောက်နိုင်မည့်လမ်းသစ် ဖောက်လုပ်မှုကို ကုန်သည်များက အမြန်ဆုံး အသုံးပြုနိုင်ရန်ဆန္ဒရှိကြပြီး လက်ရှိအသုံးပြုနေသည့်လမ်းမှာ ရန်ကုန်သို့ ကုန်ပစ္စည်းများ ရောက်ရှိရန် နှစ်ရက်မှသုံးရက် အထိ အချိန် ကြာမြှင့်သည်ဟု ပြောသည်။

လက်ရှိလမ်းဖောက်လုပ်မှုမှာ မြ၀တီမှ ရွာသစ်ကျေးရွာသို့ ရောက်ရှိနေပြီး နိုင်လွန်ကတ္တရာလမ်း ခင်းရန်အတွက် အမာခံမြေသားအောက်ခံများ ဖောက်လုပ်မှုကို စက်ယန္တရားအားကို အဓိကထား ဖောက်လုပ်လျက်ရှိသည်။

--










-

0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved