အနုပညာမြောက် ဇာတ်လမ်းတို

Tuesday, October 30, 2012


~ 




ဇာဂနာ့ကျင်ငယ်ရေမှာသာတဲ့လ၊  မင်းကိုနိုင်ရဲ့သေရေးရှင်ရေးနဲ့ ပင်လယ်ပြင်ကိုကြိုးနဲ့ဆွဲသူတွေ
 
ကိုညို (အော်စလို) ~

အဲဒီညမှာ လအရမ်းသာတယ်။

သံတိုင်တွေကြားက အိပ်မပျော်နိုင်သေးတဲ့အကျဉ်းသား၊ ဟိုငေးဒီကြောင်၊ ငုတ်တုတ်ထိုင်လိုက်၊ လမ်းထလျှောက်လိုက်၊ အပြင်ဘက်က “၀ါကာ..၀ါကာ အေ့အေ့..” သီချင်းနဲ့ဘုန်းကြီးတရားသံက ရောထွေးပြီး ထောင်နံရံကိုဖောက်လာတယ်။

သံတိုင်အပြင်ဘက်မှာ လရောင်တွေ ဖိတ်လျှံကျနေတာ ၀င်းဝင်းလက်လက်။
ထောင်နံရံ မျှော်စင်လည်း ပြိုးပြိုးပြက်ပြက်။

သံတိုင်ထဲကလူ..
လရောင်ကို သတိပြုမိသွားတယ်။ လပြည့်ညလည်းဖြစ်ချင်ဖြစ်မယ်။
သံတိုင်နား ကပ်ပြီး စောင်းငဲ့မော့ကြည့်တယ်၊ လ၀န်းကိုမမြင်ရ။

သံတိုင်အပြင်ဘက် လက်ဆန့်ပြီး လရောင်ကို ခံကြည့်တယ်၊
လရိပ်က သူ့လက်ဖျားနဲ့ တစက်ကလေးမှမထိဘူး။
နည်းနည်းလေး ရှေ့တိုးနိုင်ရင်တော့ သူမြင်ချင်တဲ့ လပြည့်ဝန်းကို တွေ့နိုင်မယ်။

သံတိုင်နဲ့ပါးကပ်နိုင်သမျှကပ်၊ လက်ကိုဆန့်တန်းပြီးအပြင်ထုတ်ပေမဲ့ လရိပ်က စိမ်းစိမ်းကားကားပဲ။ မထိမတို့နိုင်တဲ့လရောင်ကို ပိုပြီးငတ်မွတ်လာတယ်။ ပိုမြင်ချင်လာတယ်။ ဒီညတော့ လပြည့်ပြည့်ကိုမြင်မှဖြစ်မယ်၊
ဒီလကို မမြင်ရမချင်း မအိပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံရတယ်။ အကြံရတယ်။ အခန်းဒေါင့်ကိုသွားပြီး ကျင်ငယ်စွန့်တဲ့ဂန်ဖလားကို ဆွဲပြီး သံတိုင်အပြင်ဘက် ထုတ်လိုက်တယ်။ ပြီးတော့အဲဒီခွက်ထဲ ရှူးရှူး ပန်းထည့်လိုက်တယ်။

ပြီးတော့ ဂန်ဖလားကို လရောင်ကျနေတဲ့နေရာထိ တိုးရွှေ့လိုက်တယ်။  လှုတ်ခတ်နေတဲ့အဖြူရောင်အရိပ်တွေက ကျင်ငယ်ရေထဲ ၀ါးတားတားပေါ်လာတယ်။
ခွက်ထဲကကျင်ငယ်ရေဘောင်ဘင်ခတ်တာငြိမ်သက်သွားတော့ ၀ိုင်းဝိုင်းစက်စက် လမင်းကြီးဟာကျင်ခွက်ထဲမှာပြည့်လို့ သာလို့။ သံတိုင်ကြားက မလွတ်လပ်တဲ့ အကျဉ်းသား၊ ကျင်ခွက်ထဲက လရိပ်ကို အငမ်းမရကြည့်လိုက်တယ်။ လပြည့်ညကို အားရပါးရခံစားလိုက်တယ်။

---------

အဲဒီ Short Film လေးကို ဒါရိုက်တာဇာဂနာက “မမြင်ရတဲ့လ” လို့ နာမည်ပေးထားတယ်။

 “အကျဉ်းခန်းထဲမှာ လရောင်ကိုမြင်နိုင်တဲ့အခွင့်အရေး မရှိသလို၊ သောက်စရာရေတောင် မရှိဘူး၊ ဒီဇာတ်လမ်းကို ထောင်ထဲမှာ စိတ်ကူးထားတာ ကြာပြီ၊ အခုအပြင်ရောက်မှ တကယ်ရိုက်ဖြစ်တာ”
ရေခဲအမှတ် သုညအောက်ရောက်နေပြီး၊ အော်စလိုပင်လယ်ကမ်းမြှောင်ကို မေးတင် ဆောက်ထားတဲ့ နော်ဝေးနိုင်ငံ အမျိုးသား အော်ပရာဇာတ်ရုံအပြင်မှာ မြန်မာအမျိုးသားဝတ်စုံ ၀တ်ထားတဲ့ ကတုံးပြောင်နဲ့ ကိုဇာဂနာ မေးခိုက်ခိုက်တုန်ပြီး မီဒီယာတွေကို အင်တာဗျူး ပေးနေတာ တွေ့ရတယ်။

အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်နေ့ ၂ ရက်တာ ကျင်းပတဲ့ “All that is banned is desired”  “ပိတ်ဆို့ခံခဲ့ရတဲ့ လိုအင်ဆန္ဒတွေ”  ဆိုတဲ့ ခေါင်းစဉ်နဲ့ အနုပညာနဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖော်တဲ့ နိုင်ငံတကာ
အနုပညာရှင် ၅၀ ကျော်ထဲမှာ မြန်မာနိုင်ငံက လူရွှင်တော်၊ ဒါရိုက်တာ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာနဲ့ မှတ်တမ်းရုပ်ရှင်(Documentary Film) ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့၂ဦးလည်း ပါဝင်တယ်။ သူတို့၂ယောက်ရဲ့ တင်ဆက်မှုကို (Beauti Under Pressure) “ဖိနှိပ်မှုအောက်ကအလှတရား” လို့ နာမည်ပေးထားတယ်။

အစောပိုင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင် ကိုဝင်းမော် လာဖို့ရှိပေမဲ့  နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရလို့ မလာနိုင်ခဲ့ဘူး။

 “ကျနော် ပတ်စ်ပို့ ရဖို့ လအတန်ကြာကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အထ မမြောက်ခဲ့ဘူး၊ သြဂုတ်လကလည်း ကျနော်နဲ့ ကျနော့်အဖွဲ့ကို ထိုင်းဘုရင်မ မွေးနေ့ပွဲမှာ ဖျော်ဖြေဘို့ ဖိတ်ကြားခံရတာလည်း သွားခွင့်မရခဲ့ဘူး” လို့ သူ့ရဲ့ Video အမှာစကားမှာ

ကိုဝင်းမော်က ရှင်းပြသွားပါတယ်။ သူုက ဗွီဒီယိုအခွေကတဆင့် ကျောင်းသားတွေ ညအချိန်မတော် တိတ်တဆိတ် အဖမ်းခံနေရတဲ့အကြောင်း ထောင်ထဲမှာ ရေးဖွဲ့ထားတဲ့ Evil Go Away (မိစ္ဆာတွေ အဝေးထွက်သွား) သီချင်းကို ဆိုပြသွားတယ်။

ဒီကနေ့လို ဒီမိုကရေစီလမ်းကြောင်းပေါ် အားလုံးက တွန်းတင်ပြီးသွားနေချိန် ဘာကြောင့် အတိတ်က ပုံရိပ်တွေကို နိုင်ငံတကာ လှည့်ပြသနေရသလဲ ဆိုတာက သိလိုတဲ့ မေးခွန်းတခုပါ။

 “ဒီလိုဇာတ်လမ်းတွေပြဖို့ အစောပိုင်းက စိတ်ကူးမရှိဘူး၊ ဒါပေမဲ့ ခရီးထွက်ဘို့ နီးကပ်ချိန်ထိ ကိုဝင်းမော် ပတ်စ်ပို့မရတော့ ဒီကိစ္စ ခေါင်းထဲ ၀င်ဆောင့်လာတယ်၊ ငါတို့က လွတ်လပ်မှုရှာနေသလို၊ သူတို့ကလည်း လွတ်လပ်ပါပြီ၊ ဒီမိုကရေစီအစိုးရပါလို့ ပြောတယ်၊ ဒါဆို လူလူချင်း ခွဲခြားပြီး နိုင်ငံသားတိုင်း
ရပိုင်ခွင့်ရှိတဲ့ ပတ်စ်ပို့တွေ ထုတ်မပေးကြတာလဲ၊ ကိုဝင်းမော်မှ မဟုတ်ဘူး၊ ကိုဇော်သက်ထွေးနဲ့  နိုင်ငံရေးအကျဉ်းသားဟောင်း ၉၀ ရာခိုင်နှုံးက နိုင်ငံကူးလက်မှတ်တွေ မရသေးဘူး၊
ဒီတော့ လူ့အခွင့်ရေးတို့၊ ဒီမိုကရေစီတို့ တည်ဆောက်နေပါတယ်လို့ ပြောနေတာကို ကျနော်တို့ ဘယ်လို ယုံကြည်ရမှာလဲ.. ဒါကြောင့်လဲ ဒီလာခါနီးမှ ကမန်းကတန်း “မမြင်ရတဲ့လ” ကို ရိုက်ပြီး ယူလာခဲ့တာပဲ”

ရင်အပူနဲ့ ပြောလိုက်တဲ့ ကိုဇာဂနာ ရေခဲအောက် သုည ဒီဂရီ ရောက်နေတဲ့ အအေးဓာတ်ကို ခဏတော့ အံတုနိုင်မှာပဲ။

-------------

အော်စလိုပွဲမှာ တရုတ်၊ မလေးရှား၊ တိဘက် စတဲ့ အာရှနိုင်ငံက အနုပညာရှင်တွေနဲ့၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေအပြင် ပြင်သစ်၊ အာဖရိက၊ အမေရိကန်၊ ဆွီဒင်၊ ဒိန်းမတ်၊ စတဲ့ နိုင်ငံတကာက အနုပညာသမားနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားသူဟာ ကိုယ့်နယ်ပယ်အသီးသီးမှာ ပိတ်ဆို့ခံနေရတဲ့ ယုံကြည်ချက်နဲ့ လုပ်တဲ့ အနုပညာတွေကို တင်ပြကြတာပါ။

အဆို၊ အက၊ အတီးအမှုတ်နဲ့ သရုပ်ဖော် အနုပညာပြကွက်တွေအပြင်၊ ပရိသတ်နဲ့ပါ အပြန်အလှန် မေးခွန်းထုတ် ဆွေးနွေးမှုတွေလည်း ပါတယ်။

ထူးထူးခြား တင်ဆက်မှုတခုက ပြင်သစ်နိုင်ငံကအမျိုးသမီးတဦးရဲ့ ၁၀ မိနစ်ကြာ တင်ဆင်တဲ့ သရုပ်ပြကွက်လေးပါ။ Hijab လို့ ခေါ်တဲ့ အစ္စလမ်ဘာသာဝင် မျက်နှာဖုံးကာဝတ်ရုံတွေနဲ့အမျိုးသမီးတွေရဲ့ မလွတ်လပ်မှု၊ အခွင့်အရေးမဲ့မှု နဲ့ လူသားဆန်ဆန်မနေနိုင်တဲ့ဘ၀ကို အသံ၊ အလင်းတွေရဲ့ အထောက်အပံ့နဲ့ ပြသွားတာပါ။ ထူးခြားတာကဒီပြကွက်ကို အသက်အန္တရယ်ကြောင့် ဓာတ်ပုံ၊ ဗွီဒီယို လုံးဝ မရိုက်ဖို့ တားမြစ်ထားသလို ၊ ဒီနေရာမှာ ပထမဆုံးပြတာဖြစ်သလို၊ ဘယ်နေရာမှာမှ ထပ်မပြသမဲ့ နောက်ဆုံးအကြိမ်သရုပ်ပြကွက်ဖြစ်တယ်လို့လည်း ပြောခဲ့တာပါပဲ။
ပြကွက်တခုလုံးမှာ မျက်နှာဖုံး စွပ်ထားတဲ့ အမျိုးသမီးတယောက်ရဲ့ တီးလုံးနဲ့အညီ၊ အော်ဟစ်သံ၊ ငြီးငြူသံ၊ သက်ပြင်းချသံတွေနဲ့ အဖုံးအကွယ်မပါတဲ့ မျက်လုံးတွေကတဆင့် ကြောက်လန့်မှု၊ အားငယ်စိုးရိမ်မှုတွေကို သရုပ်ဖော်ပြသသွားတာပါ။

ကဇာတ်ရုံထဲက ပရိသတ်၂ ၀၀ ကျော်ဟာ ချောင်းဟန့်သံတောင် မပြု ငြိမ်သက်နေတယ်။ လွတ်လပ်မှုမရှိတဲ့အဓိပ္ပါယ်ကို ပီပြင်စေချင်လို့လား မသိ၊ သတင်းသမားတွေကိုတောင် ဓာတ်ပုံ၊ Video မရိုက်ဖို့ မေတ္တာရပ်ခံပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ ကိုမင်းကိုနိုင် အကျဉ်းကျစဉ် ရေးခဲ့တဲ့ “အလျဉ်” ဆိုတဲ့ ကဗျာစာသား မြန်မာ အင်္ဂလိပ်လို ရေးထားတာကို ကင်မရာ အနီးအဝေး၊ အနိမ့်အမြင့်၊ အတွန်းအရွှေ့၊ အလှည့်အပြောင်း ရိုက်ချက်တွေနဲ့
နောက်ခံစန္ဒယား တီးကွက်တွေကို ပံ့ပိုးပြီး ရိုက်ထားတာလေးက ထူးခြားပြီး ပရိသတ်ရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။

သေခြင်းနဲ့ရှင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို စကားလုံး ကျစ်ကျစ်လစ်လစ်နဲ့ ရှေ့နောက် ရွှေ့ ရေးစပ်ထားတဲ့ ကိုမင်းကိုနိုင်ရဲ့ အတွေးနဲ့ ဒဿနတွေ ဘယ်လောက် လေးနက်၊ ကျယ်ပြန့်နေတယ်ဆိုတာကို အဲဒီကဗျာလေးမှာ မြင်ရတယ်။

လွတ်လပ်မှု၊ မလွတ်လပ်မှုနဲ့မတရားမှု၊ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု၊ မလုံခြုံမှု၊ ဘ၀ အာမခံ မရှိမှု၊ ဖြစ်ချင်သလိုဖြစ်ပြီး၊ လူသားတယောက်ရဲ့ ဘ၀အဓိပ္ပါယ် မပြည့်ဝတဲ့ အနေအထားတွေကိုသာမက၊ လူသေပြီး နာမည်မသေတဲ့ဘ၀တွေ၊ လူရှင်ပြီး နာမည်သေနေတဲ့ဘ၀တွေ၊ သင်္ခါရတွေ၊ တရားဓမ္မနဲ့ဆင်ခြင်တွေးတောစရာ အဓိပ္ပါယ်တွေ အများကြီးကို ခံစားရမှာဖြစ်တယ်။

အလျဉ်

သေဆုံးတယ်ဆိုတာ မရှိဘူး၊
သေတယ် မဆုံးဘူး၊
မဆုံးအောင် သေတယ်၊
သေပြီးသားလူတွေ ထပ်သေတယ်၊
သေရမဲ့လူတွေ အသက်ဆက်တယ်၊
မသေမရှင်တွေက မရှင်မသေ၊
သေခြင်းနဲ့ရှင်ခြင်းဟာ သိပ်မကွဲပြားတော့ဘူး။

 ဟိုနားမှာ မွေးပြီး၊ ဒီနားမှာ သေတယ်၊
စောစောက မွေးပြီး ခုလေးတင် သေတယ်၊
မွေးကတည်းက သေပြီးသားလည်းဖြစ်မယ်၊
အသေ၊
အရှင်၊
မသေမရှင်၊
အဲဒီကြားမှာ အပျောက်ရှိတယ်။

အသေလည်း ပျောက်တယ်၊
အရှင်လည်း ပျောက်တယ်၊
မသေမရှင်တွေလည်း ပျောက်တယ်။

အရှင်ဖြစ်ဖြစ်၊
အသေဖြစ်ဖြစ်ဖြစ်၊
မသေမရှင်ဖြစ်ဖြစ်၊
အပျောက်ဖြစ်ဖြစ်၊
ဖက်နဲ့ထုတ်ထားရတဲ့အသက်ဟာ ဘယ်တော့မှအသေမဖြောင့်ဘူး။

 အသက်ငင်နေတဲ့
စားစရာ၊
သောက်စရာ၊
ဝတ်စရာ၊
နေစရာ၊
သေငယ်ဇောနဲ့ မြောနေတဲ့
သေစရာနဲ့ ရှင်စရာ။

 မသေမချင်းတော့ ရှင်လိမ့်မယ်
ရှင်ပေမဲ့လည်း ဆုံးနေပါပြီ။

(မင်းကိုနိုင်)

တကယ်တော့ မှတ်တမ်းရုပ်ရှင် (Documentary Film) တွေဟာ လူ့အဖွဲ့အစည်းက အခြေအနေတွေကို တင်ပြရာမှာ အချိန်တိုတိုနဲ့ အားကောင်းတဲ့ အချက်အလက်တွေ၊ ခံစားမှုတွေ၊ အသိပညာနဲ့ရသ တွဲပြီး ရနိုင်တာတော့ မှန်ပါတယ်။
ကျနော်တို့နိုင်ငံလို အရာရာနောက်ကျပြီး အများလက်ခံအောင် ဆွဲတင်ပေးရမဲ့အချိန်မှာ အခုလို ရသနဲ့ အဖြစ်အပျက်မှန်တွေ၊ သတင်းအချက်အလက်နဲ့ ဒဿနကို အချိန် တိုတိုတောင်းတောင်းနဲ့ ရင်ဘတ်ထဲရော၊ ဦးခေါင်းထဲရော ချက်ချင်းရောက်အောင် ပို့ပေးတဲ့နေရာမှာ အခုလို မှတ်တမ်းဇာတ်လမ်းတိုတွေက အတော်လေး တန်ခိုးကြီးတယ် လို့ မြင်မိတယ်။
၁၉၉၄ လောက်က ကျနော် အိန္ဒိယမှာ Documentary Film အကြောင်း လေ့လာ သင်ကြားခဲ့ချိန်က သင်တန်းဆရာက မှတ်တမ်း ဇာတ်လမ်းတို တချို့ ပြသပြီး ဝေဖန်သုံးသပ်ခိုင်းတယ်။

အိုင်ဒီယာ၊ အတွေးစိတ်ကူးဆိုင်ရာနဲ့ ပတ်သက်တဲ့ ရိုက်ကူးချက်တွေ လေ့လာရတဲ့ အခါ ဒီနေ့ထိစွဲနေတဲ့ တမီးလ်လူမျိုးဒါရိုက်တာတယောက် ရိုက်ကူးတဲ့ ဇာတ်လမ်းတိုလေးတခု ရှိတယ်။
ဇာတ်ကားနာမည်က “Rope” (လွန်ကြိုး) တဲ့။
ပြကွက်အစကို.. အပြာရောင်ပင်လယ်ကမ်းစပ်က ကျောက်ဆောင်ပေါ်မှာ ထိုင်နေတဲ့ လူတယောက်နဲ့ ပြတယ်။
ကောင်းကင်ကပြာပြာ၊ ရေပြင်ကပြာပြာ၊ နေကသာပြီး လှိုင်းလုံးတွေက စီးချက်မှန်မှန်နဲ့ ကမ်းစပ်ကို လာရိုက်နေတယ်။

ဟိုး.. အဝေးသဲသောင်ပြင်မှာ လူတယောက် လဲနေတာကို ကင်မရာက Long Shot အဝေးရိုက်ချက်နဲ့ပြတယ်။ ကျောက်ဆောင်ပေါ် ထိုင်နေသူက လဲနေသူကို မျက်တောင်မခတ် လှမ်းကြည့်နေတယ်။ အနီးကပ် ကင်မရာရိုက်ချက်မှာ အသက်ပြင်းပြင်း ရှုထုတ်လိုက်တိုင်း နှာဝနဲ့ထိနေတဲ့သောင်ပြင်က သဲတွေ ဖွာကနဲ၊ ဖွာကနဲထွက်နေလို့ လဲနေသူဟာ အသေကောင်မဟုတ်မှန်း သိရတယ်။
သူ့ခဗျာ အတော်လေး မောပမ်းနေဟန်ရှိတယ်။
ခနနေတော့ လဲနေရာက ရုန်းထလာတယ်။ သူ့လက်ကို ဆန့်တန်းလိုက်ပြန်ကွေးလိုက် နောက်ခြေတလှမ်းစီဆုတ်လိုက်နဲ့ ပင်လယ်ကို မျက်နှာမူပြီး လွန်ကြိုးတချောင်းကို တယောက်ထဲ ဆွဲနေတဲ့ဟန်ပဲ (ကြိုးတော့မပါဘူး၊ ဟန်သက်သက်) သိပ်မကြာဘူး ရှေ့ကိုငိုက် ဒရွတ်တိုက်ပါပြီး သောင်ပြင်မှာ အစောကအတိုင်း မှောက်ရက် လဲသွားပြန်တယ်။ ဒီတော့ ကျောက်ဆောင်မှာ ထိုင်ကြည့်နေသူ မနေနိုင်ဘူး ထလာတယ်။
လဲနေသူကို ထူလိုက်တယ်။ နှစ်ယောက်သား ခြေလှမ်းညီညီ၊ လက်ညီညီနဲ့ (နောက်ခံဗုံသံလေးနဲ့) စီးချက်မှန်မှန်လွန်ကြိုးကို ဆွဲပြန်တယ်။ သူတို့ ဆွဲနေတာက ပင်လယ်ပြင်ကြီး။
ဒါပေမဲ့ ပင်လယ်ရေက တုတ်တုတ်မလှုတ်၊ လှိုင်းကြက်ခွတ်လေးတောင် မထ၊ ဖျာတချပ် ခင်းထားသလို ငြိမ်သက်နေတယ်။ ၂လှမ်း၃လှမ်းပဲ ဆွဲရသေးတယ်
၂ယောက်သား ရှေ့ငိုက်ပြီး ဟပ်ထိုးလဲကျတယ်။ လူးလဲထပြီး နောက်ထပ်တခါ ပြန်ဆွဲတယ်။

သူတို့ဆွဲနေတာကို ဟိုး..အဝေး ကျောက်ဆောင်နားမှာ တံငါသည် လင်မယား၂ယောက် လှမ်းကြည့်နေတယ်။ ချက်ချင်းမကူဘူး။ ၂ခါလောက်လဲပြီးတော့ သူတို့လည်း မနေသာ လွန်ကြိုးကို ကူဆွဲပေးတယ်။
မရဘူး။ ပင်လယ်ရေက ကြွမလာဘူး။ ခနခနလဲကျတယ်။
နောက်ထပ် သောင်ပြင်ကို ရောက်လာတဲ့ တံငါသည်တွေ ထမ်းထားတဲ့လှေတွေ အမြန်ချပြီး ကြိုးကိုဆွဲကူတယ်။
(ကင်မရာရိုက်ချက်လည်း မြန်လာသလို၊ နောက်ခံဗုံသံ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စည်းချက် ၀ါးချက် ညီပြီး သိတ်သွက်လာတယ်) ပင်လယ်လှိုင်းလုံးတွေကလည်း တလုံးပြီးတလုံး ကြွလာတယ်။

ဒါပေမဲ့ လွန်ဆွဲသူတွေအရေးနိမ့်တုန်း၊ ဒါနဲ့ပဲ..နောက်ထပ် ၅ ယောက်၊ ၁၀ ယောက် ထပ်တိုးတိုးလာပြီး သောင်ပြင်မှာ မိန်းမတွေရော၊ ယောင်္ကျားတွေရော၊  လူငယ်လူလတ် အဖိုးအဖွား ခလေးတွေပါမကျန် အားလုံး ၀ိုင်းကူဆွဲလိုက်တာ (ကင်မရာရိုက်ချက်ကလည်း Zoom Out အဝေးမြင်ကွင်းကို ဆွဲပြလိုက်တဲ့အခါ)
ဟိုး..သောင်ပြင်မှာ လူတွေ ခြေလှမ်းညီညီ၊ လက်ဟန်ညီညီ၊ ဗုံတီးကွက်နဲ့အညီ၊ ညာသံဟစ်ပြီး ဟန်ချက်ညီညီ ကြိုးကိုအဆွဲ၊
ပင်လယ်ပြင်ကလှိုင်းလုံးကြီးတွေကလည်း ဆွဲလိုက်တိုင်း တလုံးပြီးတလုံး၊ တလုံးပြီးတလုံး.. အဆက်မပြတ် ကြွကြွ တက်လာလိုက်တာ နောက်ဆုံးတော့ ပင်လယ်ကြီးဟာ လူတွေဆွဲခေါ်ရာ တလှိမ့်လှိမ့်နဲ့ လှိုင်းလုံးတွေ ကြွပြီး ပါလာပါတော့တယ်။

လှိုင်းတွေ တလုံးပြီးတလုံး ကြွတက်လာတာနဲ့ အဆုံးသပ်ထားတယ်။
သိပ်ကောင်းတဲ့ရိုက်ချက်၊ သိပ်ကောင်းတဲ့နောက်ခံတီးလုံးနဲ့ သံစုံ၊ ပြီးတော့.. သိပ် လှပ ညီညာတဲ့  ခြေလှမ်း အတက် အကြွ၊ လက်ဟန် အပင့် အမြှောက် အချ၊  အလဲအပြို..သိပ်ညီတယ်၊ သိပ်လှတယ်။
ညီညွတ်ရေးမှာအားတွေပါတယ်။ စည်းချက်တွေရှိတယ်၊ အောင်ပွဲတွေရှိတယ်။
အများညီတယ်ဆို ပင်လယ်ပြင်လှိုင်း ကြွလာအောင် ကြိုးနဲ့ဆွဲလို့ရတယ် ဆိုတဲ့ သဘောကိုပြသွားတာ၊ သိပ်လှတဲ့ ဇာတ်လမ်းတိုလေး။

စုစုပေါင်းမှ ၄ မိနစ်တောင် မပြည့်ဘူး။

မြန်မာပြည်မှာလည်း ဒီလိုအားကောင်းတဲ့ ဖန်တီးချက်တွေနဲ့ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အနုပညာရှင်တွေ အများကြီးရှိတယ်လို့ ကိုဇာဂနာ ပြောလို့ သိရတယ်။
၂၀၀၃ ခုနှစ်က ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာဆရာကြီး ဦးဝင်းဖေရဲ့ အင်တာဗျူးတခုမှာ မြန်မာ့ရုပ်ရှင်အပြောင်းအလဲဖြစ်ဖို့ ဆိုရင် Dramatize Documentary
(ပြဇာတ်ဆန်ဆန်၊ ၀တ္တုဆန်ဆန်မှတ်တမ်းဇာတ်လမ်း)တွေ လုပ်ဖို့ လိုတယ်လို့ ပြောတာကြားပြီး ကိုဇာဂနာနဲ့ သူငယ်ချင်းတွေ မှတ်တမ်းဆန်ဆန် ငြီးငွေ့စရာတင်ပြချက်ကနေ ဇာတ်လမ်းဆန်တဲ့ မှတ်တမ်းတွေ ပြန်ရိုက်တယ်။
အဲဒီကာလ ဆင်ဆာဘုတ် တင်လိုက်တိုင်း အပယ်ခံရတယ်။

၂၀၀၆ ခုနှစ်မှာ ကိုဇော်သက်ထွေး၊ တာရာမင်းဝေရယ်နဲ့ တွဲပြီး ရိုက်ကြတယ်။  ၄ ခွေလောက် ရှိတယ်။ တင်တိုင်း အပယ်ခံရတယ်လို့ ကိုဇာဂနာက ပြောပြတယ်။

 “နောက်ဆုံး ၂၀၁၀ အောက်တိုဘာမှာ ကျနော် ထောင်ကလွတ်ပြီးနောက်မှ စလုပ်နိုင်တယ်၊ အဲဒီမှာ လွတ်လပ်သော အနုပညာပွဲတော်နဲ့ တွန်းတင်ပြီး Documentary နဲ့အတူ ဇာတ်လမ်းတိုတွေ၊ မှတ်တမ်းဇာတ်လမ်းတွေ စလုပ်လာတာပဲ”

ဒါဆို Dramatize Documentaryတွေ အသက်ရှုပေါက်ရလာတဲ့သက်တမ်းဟာ နုနုလေးပဲရှိပါသေးတယ်။
စိတ်ဝင်တစားနဲ့လုပ်လာသူတွေ တဖြည်းဖြည်း များလာပြီလို့ သိရတယ်။

ဟိုတုံးကတော့ တယောက်စနှစ်ယောက်စ အတွေး၊ အကြံ အားထုတ်မှုနဲ့ လုပ်ခဲ့ပေမဲ့ အားက မရှိတော့ သောင်ပြင်မှာ မှောက်ရက်လဲခဲ့ရတယ်။ ဒီကနေ့တော့ အနုပညာရှင်ညီနောင်တွေ အားလုံး ပင်လယ်ပြင်ကို ကြိုးတုပ်ဆွဲနေကြပြီ။

စည်းချက်ညီညီ ၀ိုင်းဝန်း ဆွဲနေကြပြီ ဆိုတော့ တချိန်မှာ လိုအင်ဆန္ဒလှိုင်းလုံးဆင့်ဆင့် တမြင့်မြင့်နဲ့ ကိုယ့်ဘက် ပါလာကြမယ်လို့ မျှော်လင့်ရပါတယ်။

-------------------     













-

0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved