ကားဟောင်းများနဲ့ အင်းစိန်သံရည်ကြိုစက်
Monday, September 17, 2012
~
ပုညခင်
~
ယာဉ်ဟောင်းဖျက်သိမ်းရေးအစီအစဉ်အရ ရန်ကုန်မြို့ကားသင်္ချိုင်းကို ကားဟောင်း သွားရောက်အပ်နှံနေကြသူတွေထဲမှာ စာရေးဆရာမ ပုညခင်လည်း ပါဝင်ပါတယ်။ သူက သူ့ရဲ့ 'ဗ' နံပတ်တပ် ကားလေး သွားပို့ချိန် တွေ့မြင်ရတာတွေကို ရေးထားပါတယ်။
စနေနေ့က အိမ်က ဗ ကလေးကိုအပ်ဖို့ အင်းစိန်သံရည်ကြိုစက်ကို လိုက်သွားပါတယ်။ အတွေ့အကြုံရချင်လို့ပါ။
ကားလေးက အကောင်းလေးပဲ ရှိသေးပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပစ္စည်းတွေ ဖြုတ်ပြီး ၀ိတ်မလျှော့လိုက်ပါဘူး။
ကက်ဆက်ကတော့ စီဒီကက်ဆက်မို့ ဖြုတ်ယူထားလိုက်တာပါ။
"သေသူကို ရေးဝေးမှာပြာဖြစ်မယ့်အတူတူ ဆိုပြီး အ၀တ်အစား ချွတ်မယူရက်တဲ့ စိတ်မျိုး" ကို တချို့ ကားဟောင်းပိုင်ရှင်တွေဆီမှာ တွေ့ရပါတယ်။
သံရည်ကြိုပစ်မှာ သိပေမယ့် ပစ္စည်းတွေ မြင်မကောင်းအောင် လျှော့မပစ်ဘဲ သိက္ခာရှိရှိလေးပဲ အပ်လိုက်ချင်တာပါ။
ဒါပေမယ့် အနီးအနားကို ၀ိုင်းလာတဲ့ စရိုက်ဆန်ဆန် လူတစ်စုဟာ လုယက် ဖြုတ်ဖို့ ကြိုးစားကြတော့တာပါ။
ထိုင်ခုံ တလုံး သုံးထောင်နဲ့ လိုက်ဝယ်၊ အနီးအနားမှာ တသောင်းခွဲနဲ့ သွားရောင်း။
အလုပ်ကိုဖြစ်လို့ပါပဲ။
ရယ်စရာကောင်းတာက ဆီတိုင်ကီ ဖြုတ်ရောင်းလိုက်တဲ့ ကားပိုင်ရှင်တွေဟာ ဒရစ်ပိုက်လေး တန်းလန်း ကိုင်ပြီး အင်ဂျင်ကို ဆီ တစက်စက် ချရင်း ကားကို မောင်းရွှေ့နေကြတာပါ။
ကိုယ့်ကားကို ရိုးရိုးသားသား တန်းစီစောင့်ပေမယ့် တန်းမစီဘဲ သူ့လမ်းကြောင်းနဲ့သူ ၀င်သွားတဲ့ကားတွေကို တွေ့ရတော့.. သြော်..ဒီခေတ်မှာ ဒါမျိုးရှိသေးလားလို့ မျက်ခုံး ပင့်ရပါတယ်။
သုံးသောင်းပေးရင် မစောင့်ရဘူးလို့တော့ သတင်းသဲ့သဲ့ကြားလိုက်ရပါတယ်။
စနေနေ့က နေ့တစ်ဝက်ပဲ လက်ခံတာပါ။ ၁၂ နာရီ မထိုးခင် ရှေ့မှာ လက်ခံနေသေးတယ်မှတ်ပြီး တန်းစီ စောင်းဆိုင်းနေကြသူများဟာ ၁ နာရီ ထိုးတော့မှ… ၁၁ နာရီကတည်းက အအပ်လက်မခံတော့တာကို သိလိုက်ရပါတယ်။
ခေတ်ပြောင်းချိန်မှာ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ကျွန်မ အမြဲတမ်း လေ့လာ စပ်စု စူးစမ်းနေခဲ့တာပါ။ လိုအပ်ချက်လေးတွေကတော့ နေရာတကာမှာ ရှိနေသေးတာပါပဲ။
ဒီအချိန်ဟာ အပြောင်းအလဲနဲ့ အသားမကျသေးတဲ့အချိန်ပါ။
ကျွန်မတို့ရော အစိုးရကပါ စိတ်ရှည်လက်ရှည်နဲ့ ၀ိုင်းဝန်းပြုပြင်ကြရမှာပါ။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဆောင်းပါး တစ်စောင်၊ ၀ထ္ထုတစ်ပုဒ် ရေးပါဦးမယ်။
အဟဲ.. ခဏနေရင်တော့ ကျွန်မရဲ့ ပရော်ဖက်ရှင်နယ်အလုပ်လေးဖြစ်တဲ့ အချစ်ဝထ္ထုလေးကို ဆက်ရေးရပါဦးမယ်…။
ကျွန်မက စိတ်ခံစားမှုနဲ့ အချစ်ဝထ္ထုလေးတွေရေးရင်း လက်တွေ့ဘ၀ထဲမှာ မျက်စိဖွင့် နားစွင့်နေထိုင်သူမို့ပါ။
(စာရေးဆရာမ ပုညခင်ရဲ့ Facebook ကနေ ကူးယူ ဖော်ပြပါတယ်)
~
2 comments :
  1. Maung Maung Tin said... :
    ကားတွေကိုသံရည်ကြိုတာလဲ ကြိုတာပေါ့ဗျာ ၊ ဒီထဲက အတန်အသင့်ကောင်းတဲ့ကားတွေ ၊ စက်မှုအထက်တန်းကျောင်းတွေလိုဟာမျိုး ကိုကျောင်းသားတွေလက်တွေ့ စိတ်တိုင်းကျဖြုတ်တပ် ကွင်းဆင်းလေ့ကျင့်နိုင်ဖို့
    ပြန်လည်စီမံခန့်ခွဲပေးသင့်ပါတယ် ။ ကားအဟောင်း၁၀၀လောက်ကိုစိတ်တိုင်းကျတစစီဖြုတ်တပ်ကလိခွင့်ရတဲ့သင်တန်းသားထဲက ထူးခွန် ၊ကျွမ်းကျင်ကျောင်းသား ၁၀ယောက်ရရင် ၊ အရည်ကြိုပြီးရတဲ့သံတန်ဖိုးထက်တော့ အများကြီးသာမှာပါ
  1. ပွဲစားကြီး said... :
    မြန်မာပြည်မှာ ဖြစ်နေတာက...
    ဒါတွေ ဟာ အောက်ခြေနဲ့ အလယ်အလတ် အဆင့်တွေရဲ့ ခေတ်နဲ့ အညီ မလိုက်ပါမှု့လို့ ဆိုနိုင်ပါတယ်၊ ကိုယ်တွေမှာတော့ အလုပ်ပျက် အကိုင်ပျက် လာနေရတာ သူတို့ကျတော့ ကြိုတင် အစီအမံ မရှိတဲ့ အပြင် အတော် အေးအေးဆေးဆေးလုပ် နေကြတာ အတော် စိတ်တိုဖို့ကောင်းတယ် ...
    သံရေကြိုမဲ့ကား ဆီက ပစ္စည်းတွေ အရောင်း အ၀ယ်ကတော့ လိုအပ်သူနဲ့ မလိုအပ်သူ အကြား ကိုက်ညီတဲ့ရောင်းဝယ်မှု ဖြစ်တာမို့ ယခုထက် ပိုမို ချောမွေ့စေမည့် အကျိုးဆောင် ပင် ရှိသင့်သည့်ဟု ယူဆပါကြောင်း.....
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved