မန္တလေးက ဆန္ဒပြအလုပ်သမားများရဲ့ အောင်မြင်မှု

Saturday, June 9, 2012

မန်းသားလေး


နံနက် ၇း၀၀ မှ ညနေပိုင်းအထိ ဆန္ဒဖော်ထုတ်ခဲ့သော အလုပ်သမားများ (ဓာတ်ပုံ - CJ Myanmar)

မန္တလေးမြို့ အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ ဆန္ဒပြအလုပ်သမား ၆၀၀ ကျော်၏ တောင်းဆိုမှုကို အလုပ်ရှင်က ဆန္ဒပြသည့် သောကြာနေ့ တွင်ပင် လိုက်လျောပေးလိုက်သည်ဟု သိရသည်။

"ဆန္ဒပြဖော်ထုတ်ခဲ့တဲ့ အချက်ခြောက်ချက် စလုံး အဆင်ပြေသွားပါပြီ။ အစကတော့ အချက်ငါးချက်ပဲ အဆင်ပြေတာ။ ညနေပိုင်း ၄နာရီလောက်မှ တောင်းဆိုတဲ့ အချက်တွေ အကုန်လုံး အဆင်ပြေသွားတာပါ" ဟု ယင်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အလုပ်သမားတစ်ဦးက ပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင်
(၁) အခြေခံလုပ်ခ လစာတိုးမြှင့်ရေး
(၂) အလုပ်ချိန်ကို နိုင်ငံတကာ သတ်မှတ်အချိန်အတိုင်း တစ်ရက်လျှင် အလုပ်ချိန် ၈နာရီ သတ်မှတ်ပေး၇န်
(၃) လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုများ နှင့် ကျန်းမာရေး ကိစ္စအ၀၀အား တာဝန်ယူပေးရန်
(၄) နိုင့်ထက်စီးနင်း အတင်းအဓမ္မခိုင်းစေခြင်းများအား ထိရောက်စွာ အရေးယူပေး၇န်နှင့်မတရား ဒဏ်ကြေးကောက်ခံမှုများကို ပယ်ဖျက်ပေး၇န်
(၅) လုပ်ငန်းခွင်အတွင်း လုံခြုံမှုအတွက် လိုအပ်သည့် အကာအကွယ် အသုံးအဆောင် ပစ္စည်းများ ထုတ်ပေးရန်
(၆) တရားဝင် ရုံးပိတ်ရက်များ အတိုင်း အလုပ်ပိတ်ရက်သတ်မှတ်ပေး၇န် တို့ဖြစ်သည်။

ထို ၆ ချက် ရေးသားထားသည့် စာရွက်များကို ကိုင်ဆောင်ပြီး အလုပ်ရုံအတွင်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြမှုကို အလုပ်ရှင်က စက်ရုံဝင်းတွင်း တံခါးများ ပိတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ မန္တလေး လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ စာနာသူများက တံခါးပေါက် ပြင်ပမှနေပြီး ရေနှင့် ထမင်းများ ဝေငှခဲ့ရကြောင်း သိရသည်။

လစာအဖြစ် ကျပ်တစ်သိန်းဝန်းကျင် ရသင့်ကြောင်း တောင်းဆိုချက်ကို ညှိနှိုင်းလိုက်ရာ အမျိုးသားများ တစ်လလျှင် ငွေကျပ် ရှစ်သောင်းနှင့်အမျိုးသမီးများ တစ်လ ကျပ်ခုနှစ်သောင်းစီ ပေးမည်ဟူသော သဘောတူညီချက် ရပြီး အဆင်ပြေသွားကြောင်း သိရသည်။

လက်ရှိအလုပ်သမားများမှာ အခြေခံလစာအပါဝင် ရက်မှန်ကြေး၊ ထမင်းစရိတ် အစရှိသည်တို့ စုစုပေါင်းမှ ကျပ် ငါးသောင်းကိုးထောင်သာ ရသည်ဟု သိရသည်။

တစ်နေ့လျှင် နှစ်ဆိုင်း လုပ်ကိုင်ကြပြီး နံနက်ပိုင်း ၇နာရီမှ ည၁၁နာရီထိလည်ကောင်း၊ ည၁၁နာရီမှ နံနက်ပိုင်း ၇နာရီထိ လည်းကောင်း လုပ်ကိုင်ကြရသည်ဟု သိရသည်။

0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved