ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
Sunday, June 03, 2012
ဇာနည်မာန်
အာရပ်နွေဦးလို့ နာမည်ကျော်ခဲ့တဲ့ အီဂျစ်နိုင်ငံက လူထုအုံကြွမှုကို အကြမ်းဖက် ဖြိုခွင်းတဲ့အမှုနဲ့ အီဂျစ် သမတဟောင်း ဟိုဆီနီ မူဘာရက်ကို ထောင်ဒဏ် တသက်တကျွန်းချလိုက်ပါပြီ။
တရားရုံးအမိန့် နာကြားနေတဲ့ မူဘာရက်
မူဘာရက်ကို တသက်တကျွန်းချလိုက်ကြောင်း ထုတ်ပြန်ချက် ထွက်လာတာနဲ့ ၀မ်းသာအားရဖြစ်နေတဲ့ အီဂျစ်ပြည်သူတွေ
မူဘာရက်ရဲ့ အမှုကို နောက်ဆုံးကြားနာခဲ့တဲ့ မနေ့က ကိုင်ရိုမြို့ တရားရုံးတော်ရှေ့မှာ လူတွေ ထောင်သောင်းချီ စုဝေးခဲ့ကြပြီး မူဘာရက်ကို ထောင်ဒဏ် တသက်တကျွန်း ချလိုက်တယ်လို့ ဆိုတာနဲ့ လူထုကြီးဟာ ၀မ်းသာအားရနဲ့ “အီဂျစ်” “အီဂျစ်” ဆိုပြီး ကြွေးကြော် အော်ဟစ်ခဲ့ကြပါတယ်။
ဒီအပျော်တွေဟာ တခဏလေးအတွင်းမှာပဲ ၀မ်းနည်းမှုနဲ့ ဒေါသတွေအဖြစ် ပြောင်းလဲသွားပြန်ပါတယ်။ အကြောင်းရင်းကတော့
မူဘာရက်နဲ့အတူ တရားစွဲဆို ရုံးတင်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့အကြီးအကဲ ၆ ယောက်ကို အပြစ်မရှိဘူးလို့ ရုံးတော်က ဆုံးဖြတ်လိုက်လို့ပါပဲ။
အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ဖို့၊ မူဘာရက်နဲ့ သားနှစ်ယောက်ရဲ့ အဂတိလိုက်စားတဲ့ အမှုကို ပလပ်လိုက်တာကို ပြန်စိစစ်ဖို့ တီဟီရာ ရင်ပြင်မှာ စုဝေးနေတဲ့သူတွေ
ဒါ့အပြင် မူဘာရက်နဲ့ သူ့ရဲ့ သားနှစ်ယောက်ကို စွဲချက်တင်ထားတဲ့ အဂတိလိုက်စားမှုကနေ ပ လပ် လိုက်တယ်ဆိုတာကြောင့် အီဂျစ်ပြည်သူတွေက ဒါဟာ အီဂျစ်မှာ တရားမျှတမှုမရှိသေးတာကို ပြနေတယ် အီဂျစ်ပြည်သူတွေဟာ တရားမျှတမှုကို လိုလားတယ်လို့ ကြွေးကြော်ကြပြီး ကိုင်ရိုမြို့ရဲ့ တီဟီရာ ရင်ပြင်မှာ စုဝေးပြီး ရုံးတော်ရဲ့ ဒီဆုံးဖြတ်ချက်နှစ်ခုကို သဘောမတူနိုင်ကြောင်း ဆန္ဒပြနေကြပါတယ်။
Sunday, June 03, 2012
zarny win
တင်ဗညို(ဧရာ)
"---ရသစုံခံစားချက်တွေ ဖြစ်ပေါ်ရတဲ့အကြောင်းက တခြားမဟုတ်ပါဘူး။ ကျွန်းကြီးရဲ့ အမည်ကြောင့်လို့ ပဲထင်မိပါတယ်။ ကျွန်းကြီးရဲ့အမည်က မိန်းမလှကျွန်းညိုကြီး---"
ဘိုကလေးမြို့ကို ဖြတ်ကျော်လို့ တောင်ဘက်စူးစူးရှိ ကပ္ပလီပင်လယ်ပြင်ထဲအထိ စီးဝင်သွားတဲ့ ဂုံညင်းတန်းမြစ်ကြီးရဲ့ မြစ်ဆုံထိပ်မှာ အင်မတန်ကြီးမားလှပတဲ့ ညို့ညို့မှိုင်းမှိုင်းနဲ့ ကျွန်းကြီးတစ်ကျွန်းဟာ ဘိုကလေးမြို့ရဲ့ ကျက်သရေဆောင် မိန်းမလှ ကျွန်းညိုကြီးပါပဲ။ အဝေးကမြင်တွေ့ရတဲ့အခါ စိမ်းညို့မှိုင်းပြီး မြင့်မြင့်မားမားပေါက်နေတဲ့ ပင်လယ်ရေငန်ကြိုက်အပင်တွေကြောင့် တောင်မြင့်မြင့်တစ်လုံးလို့ ထင်မှတ်မှားလောက်ပါတယ်။ ပင်လယ်ရေငန် ကြိုက်တဲ့အပင်တွေဟာလဲ အပြိုင်အဆိုင် အစီအရီ အကိုင်းချင်းယှက်၊ အခက်ချင်းဝေ အရွက်ချင်းဆက်နေတာကို မြင်တွေ့ကြရသူတွေအဖို့ ရင်ကို အေးမြလန်းဆန်းစေပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောကြီးတွေဟာ အမြဲစိမ်းလန်းနေတဲ့အတွက် ရှုမောမဆုံးနိုင်အောင် မြင်ရသူရဲ့ နှလုံးသည်းစိုင်ကို ဆွဲကိုင်ညှို့ယူဖမ်းစားနိုင်စွမ်းရှိပါတယ် လို့ တစ်ချိန်ကရောက်ဖူးသူတိုင်း၊ မြင်ဖူးတွေ့ဖူးသူတိုင်းက ပြောစမှတ်ပြုရတဲ့ ကျွန်းကြီးတစ်ကျွန်းပါ။ ဘိုကလေးမြို့ရဲ့ ကျက်သရေဆောင်ကျွန်းကြီးလို့ ပြောရရင်လဲ မမှားပါဘူး။ ဘိုကလေးမြို့ကို လာရောက်လည်ပတ်သူတိုင်း ဒီကျွန်းကြီးရဲ့ ရာဇဝင်သမိုင်း အကြောင်းတွေကို မေးကြမြန်းကြ စုံစမ်းကြ၊ ကိုယ်တိုင် သွားရောက်ကြည့် ရှုခံစားကြနဲ့။ ပြီးတော့ ကျွန်းကြီးရဲ့ မြောက်ဘက်အတွင်းမှာ လွန်စွာဘုန်းတန်ခိုးကြီးတဲ့ မျောက်တစ်ရာ စေတီတော်မြတ်လဲ တည်ရှိနေတာဆိုတော့ ကျွန်းကြီးရဲ့ သာယာလှပမှုတွေကိုလဲခံစားရင်း ဘုရားလဲဖူးရင်းဆိုပြီး လာရောက်ကြသူတွေနဲ့ အလွန်ကိုစည်ကားလှပါတယ်။
"---တစ်နေ့ကို ဓားအလက်တစ်ရာလောက်က အမြဲလိုလို လှဲနေမယ်ဆိုရင် နောင်နှစ်အနည်းငယ်အတွင်းမှာ လွင်တီးခေါင်ကွင်းပြောင်ပြောင်ဘဝကို မလွဲမသွေ ရောက်သွားနိုင်ပါတယ်---"
အဲဒီလို လာရောက်ကြသူတွေဟာ မိန်းမလှကျွန်းကြီးရဲ့အကြောင်းကို သူပြောလူပြောနဲ့ ကြားဖူးကြတော့ ရေငန်ပိုင်သခင်နတ်ဦးရှင်နေတဲ့ ကျွန်းကြီးပဲဆိုပြီး သစ်ရွက်တစ်ရွက် သစ်ခက်တစ်ခက်ကိုတောင် မဆွတ်ရဲ မခူးရဲခဲ့ကြပါဘူး။ အဲ့ဒီအချိန်ကဆိုရင် တကယ်ကို လှတဲ့ကျွန်းကြီးပါ။ ကမ်းခြေတစ်လျှောက်သဘာဝအတိုင်း ပေါက်နေတဲ့ ကန့်မလာနဲ့ လမုပင်လေးတွေဆို လူကိုယ်တိုင် တိုင်းတာပြီးစိုက်ထားသလို၊ တစ်ပင်နဲ့တစ်ပင် အကွာအဝေးတူညီစွာနဲ့ ပေါက်နေတာဟာ အလွန်ကိုလှတာပါ။ လမုပွင့်နီနီလေးတွေနဲ့ အစီအရီ တန်းလို့ပေါက်နေတဲ့ လမုပင်ပျိုကလေးတွေဆိုရင် အမြင့်တူဆိုက်တူ ရွယ်တူတွေဖြစ်တော့ သင်္ကြန်အလှမဏ္ဍပ်က လှပျိုဖြူကလေးများလို ကြည့်မြင်ရသူအဖို့ လွန်စွာပဲ ပီတိဖြစ်ရပါတယ်။ ကန့်မလာသီး၊ လမုသီးတွေမှည့်တဲ့ ဝါဆိုဝါခေါင်လတွေမှာလဲ ဘယ်လိုလူမျိုးကမှ တစ်လုံးတစ်လေဆိုပြီး ခူးဆွတ်မစားရဲကြပါဘူး။ ကြွေသီးကိုသာ ကောက်ယူစားကြတာပါ။ ရေပြည့်ချိန်မှာတော့ ကန့်မလာသီးနဲ့ လမုသီးကိုကြိုက်တဲ့ ငါးတန်တွေက အပင်တွေရဲ့ အောက်ကစောင့်ပြီး စားကြပါတယ်။
Google Map မှာ တွေ့ရတဲ့ မိန်းမလှကျွန်း ကမ်းခြေ တနေရာ
အဲဒီတော့ ဒီကျွန်းကြီးဟာ တဖြည်းဖြည်းနဲ့အပင်တွေပိုကြီးလာပြီး အုပ်အုပ်ဆိုင်းဆိုင်း မှိုင်းမှိုင်းညို့ညို့နဲ့ လှချင်တိုင်းလှနေတော့တာပါပဲ။ မိန်းမလှကျွန်းကြီးကိုဖြတ်ပြီး အရှေ့ကမ်းဘက်ကိုသွားရင် အမာမြို့နဲ့ ဂေါ်ဒူကျေးရွာ၊ အနောက်ကမ်းဘက်ကိုသွားရင် ကဒုံကနိရွာကြီးနဲ့ အေရာရွာကို ရောက်နိုင်ပါတယ်။ အဲဒီမြို့ရွာတွေကို သွားလာကြတဲ့သူတွေက ကျွန်းကြီးကိုကြည့်ပြီး ပီတိဖြစ်ကြတယ်။ တစ်မျိုးလဲ ခံစားကြရတယ်။ တချို့က ကျွန်းကြီးကိုမြင်ရတာ စိတ်ထဲမှာတစ်မျိုးကြီးပဲ၊ လွမ်းသလိုလို အားငယ်သလိုလို ကြည်နူးသလိုလို ပြီးတော့ ကြောက်သလိုလိုလဲ ခံစားကြရတယ်လို့ အထက်အညာမြို့ရွာ တွေကလာကြသူတွေက ပြောပြဖူးပါတယ်။ အဲ့ဒီလို မြင်တွေ့ခဲ့ရဖူးသူတို့ရဲ့စိတ်မှာ ရသစုံခံစားချက်တွေ ဖြစ်ပေါ်ရတဲ့အကြောင်းက တခြားမဟုတ်ပါဘူး။ ကျွန်းကြီးရဲ့ အမည်ကြောင့်လို့ ပဲထင်မိပါတယ်။ ကျွန်းကြီးရဲ့အမည်က မိန်းမလှကျွန်းညိုကြီးလို့ ခေါ်ဆိုနေကြတာကြောင့်ပါ။
မိန်းမလှကျွန်းညိုကြီးကို ကြည့်ဖူး၊ မြင်ဖူးသူတိုင်းရဲ့စိတ်မှာ ရသစုံခံ စားချက်တွေ တကယ်ကိုဖြစ်စေခဲ့တာ အမှန်ပါ။ စက်လှေနဲ့သွားရင်ပဲဖြစ်ဖြစ်၊ ခရီးသည်တင် သင်္ဘောနဲ့သွားရင်ပဲဖြစ်ဖြစ်၊ ရေပြည့်ချိန်ဆိုရင် ကျွန်းကြီးရဲ့အနီးဆုံးကမ်းခြေကကပ်ပြီး သွားတတ်ကြပါတယ်။ အဲဒီအခါ ကျွန်းကြီးပေါ်က တောတိရစ္ဆာန်ကလေးတွေနဲ့ ငှက်မျိုးစုံကိုတွေ့မြင်ကြရတယ်။ ဒါ့အပြင် ကျွန်းကြီးရဲ့ အရှေ့အနောက်ပေါက်တဲ့ သောင်ချောင်း၊ ကျောက်ခဲချောင်း၊ ဖက်ခွံချောင်းတွေရဲ့ အဝမှာ မိကျောင်းကြီးတွေဟာ လေးငါးခြောက်ကောင်ပေါ်ပြီး ကူးနေတာလဲ တွေ့ကြရပါတယ်။ မိကျောင်းကြီးတွေနဲ့ မလှမ်းမကမ်းမှာ ပိုက်သမား တံငါသည်တွေ ငါးသားပုစွန် ရှာဖွေနေကြတာလဲ ရှိပါတယ်။ အဲဒီတံငါသမားတွေဟာ မိကျောင်းကြီးတွေကို အနှောင့်အယှက် မပြုသလို၊ မိကျောင်းကြီးတွေကလဲ တံငါသည်တွေကို အန္တရာယ် မပြုပါဘူး။ ရှေးလူကြီးသူမတွေရဲ့ ပြောစကားအရ ဆိုရင် တံငါကို မိကျောင်း မကိုက်၊ သူခိုးကို မြွေမကိုက် ဆိုသလိုပါပဲ။
မိန်းမလှကျွန်းညိုကြီးလို့ ခေါ်ဆိုကြတဲ့အတိုင်း ညို့မှိုင်းနေတာကတော့ အမှန်ပါ။ မိန်းမ၊ လှလှလေးတွေ မရှိပေမယ့် ချစ်စရာတောတိရစ္ဆာန် ကလေးတွေနဲ့ ငှက်ကျေးသာရကာ တွေကတော့ စုံလှပါတယ်။ တောပျော်သတ္တဝါလေးတွေဖြစ်တဲ့ တောဝက်၊ တောခွေး၊ ဒရယ်၊ ဆတ်၊ မျောက်၊ တောကြောင်၊ ဖျံ၊ လိပ်၊ ရောင်စုံမြွေမျိုးစုံ၊ ရောင်စုံငှက်မျိုးစုံဖြစ်တဲ့သိန်း၊ စွန်၊ ချိုးသိန်း၊ လင်းယုန်၊ ဒုန်း၊ ခရုစုတ်၊ ကြက်တူရွေး၊ သာလိကာ၊ ရေကြက်ဖမျိုးစုံ၊ ရေကြက်မ ပါးဖြူ၊ ပါးနီ၊ မျောက်နဲ့ ရိုးနီတို့အပြင် ဖွတ်နဲ့ခွေးအ တို့လဲ ရှိနေကြပါတယ်။ တောကြောင်ဆိုရင် ဝစိဖျောက်၊ ကြောင်မြင်း၊ ကြောင်နံ့သာနဲ့ဖျံဆိုရင် ဘဲလက်ဖျံနဲ့ ခွေးလက် ဖျံတို့ရှိကြပါတယ်။ သင်းခွေချပ်ကတော့ ရှားပါးသတ္တဝါဖြစ်ပါတယ်။ ဆေးဖက်ဝင်အပင်တွေဖြစ်တဲ့ တောတောင်နံကြီး၊ ဆေးသုံးခွအနီ၊ အနက်လဲလူ၊ တောရှောက်၊ သမန်းကျီးပေါင်း ဆင်တုံးမနွယ်၊ ရေချိုထွက်တဲ့ နွယ်နီ၊ နွယ်ဖြူနဲ့ ဓမင်းနွယ်တို့လဲ စုံလှပါတယ်။ နွယ်နီက အနီရောင်အပွင့်လေးတွေ၊ နွယ်ဖြူက အဖြူရောင်အပွင့်ကလေးတွေကို တစ်နှစ်လုံးမှာမှ ဝါဆိုလ တစ်လတည်းမှာသာ ပွင့်တတ်ပါတယ်။ အပွင့်က ပိတောက်လို အဆုပ်လိုက်၊ အခက်လိုက်ပွင့်လို့ အလွန်မွှေးပြီးလှပါတယ်။ နွယ်နီတစ်လံလောက်ကို ဖြတ်ယူပြီး ရေပုံးထဲကိုစိုက်ထောင်ထားလိုက်ရင် လူတစ်ယောက် ကောင်းကောင်း သောက်လို့ရတဲ့ ရေချိုတစ်ခွက်ရပါတယ်။ အလွန်ကိုအေးမြတဲ့ ရေပါလို့ သောက်ဖူးသူ တစ်ဦးက ပြောပြဖူးပါတယ်။
အဲဒါက လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ လောက်က အခြေအနေပါ။ သစ်ကြီးဝါးကြီးတွေ၊ တောပျော်တိရစ္ဆာန်လေးတွေ၊ ဆေးဖက်ဝင်အပင်တွေ၊ ကျေးငှက်သာရကာမျိုးစုံနဲ့ အလွန်လှပသာယာခဲ့တဲ့ မိန်းမလှကျွန်းညို ကြီးပါ။ ဒီကနေ့ မိန်းမလှကျွန်းကြီးရဲ့ အခြေအနေကိုဆက်ပြီး ကြည့်ကြပါဦးမယ်။
"---အပင်မြင့်မြင့်တွေ ကမ်းစပ်က ကာရံနေပေမယ့် အတွင်းပိုင်းမှာတော့ ရှင်းလင်းလို့နေပါပြီ---"
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသကြီးတစ်ခုလုံးမှာ၊ ပင်လယ်ဒီရေတောကြီး၊ အမြဲစိမ်းသစ်တောကြီးဆိုလို့ ဘိုကလေးမြို့နယ်ထဲက မိန်းမလှကျွန်းညိုကြီး တစ်ကျွန်းသာ၊ အကြီးမားဆုံးနဲ့ အလှပဆုံးကျွန်းကြီးအဖြစ် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာပါ။ နှစ်ပေါင်းများစွာကြာမြင့် အောင်တည်တံ့ခဲ့တဲ့ အဲဒီကျွန်းကြီးကို အရင့်အရင် အစိုးရမင်းတွေ လက်ထက်ကတည်းက ပိတ်တောအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ ဒီကနေ့အထိလဲ ပိတ်တော(သစ်မခုတ်ရတော) အဖြစ် သတ်မှတ်ထားဆဲပါ။ ဒါပေမယ့် သစ်တောကြီးရဲ့တောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ခြမ်းလောက်မှာသာ အပင်မြင့်မြင့်တွေ ကမ်းစပ်က ကာရံနေပေမယ့် အတွင်းပိုင်းမှာတော့ ရှင်းလင်းလို့နေပါပြီ။ မြစ်ဝကျွန်းပေါ်ဒေသအတွင်းမှာရှိတဲ့ မြို့ကြီး မြို့ငယ်နဲ့ ရွာကြီးရွာငယ်တွေက သစ်ခိုးခုတ်သူတွေဟာ ကျွန်းကြီးရဲ့ အတွင်းကို ဝင်လို့ရတဲ့ ချောင်းငယ်ပေါင်းစုံကနေ ခိုးဝင်ကြလေရဲ့။
သစ်ခိုးခုတ်တဲ့သူတွေဟာ လွန်ခဲ့တဲ့ အနှစ်၂ဝ ကျော်လောက်က စလို့ တောကြီးထဲကို နည်းလမ်း အသွယ်သွယ်နဲ့ ဝင်ရောက်ခိုးခုတ်နေ ကြတာဖြစ်ပါတယ်။ ကျွန်းကြီးထဲကို အရှေ့ဘက်ကဝင်မလား၊ အနောက်ဘက်ကဝင်မလား။ အရှေ့ဘက်ကဝင်ရင် စိန်ခိုချောင်း၊ ဓမင်းထောင်ချောင်း၊ လဗတစ်ပင်၊ မိကျောင်း ခေါင်းပုတ်၊ ထော်ပိုင်၊ ခေါင်းကိုးလုံးချောင်းနဲ့ မျောက်တစ်ရာချောင်း။ အနောက်ဘက်ကတော့ သောင်ချောင်း၊ ပက်ခွံချောင်း၊ ကျောက်ခဲချောင်း၊ ချောင်းစောက်၊ သပြေချောင်း၊ ဗြူးချောင်း၊ ပိုးလောင်းလေး၊ ပိုးလောင်းကြီး၊ ဗျိုင်းချောင်း၊ လဗတစ်ပင်နဲ့ ကြောင်ဒေါက်ချောင်း တို့ဖြစ်ကြတယ်။ တကယ်တော့ သစ်ခိုးခုတ်သူတွေဟာ အနောက်ဘက်ချောင်းတွေက အဝင်များကြပါတယ်။
ပိတ်တောဖြစ်ပါလျက်နဲ့ အရှေ့ဘက်ခြမ်းမှာ တောပြုန်းနေပြီဆိုတာကလဲ အံ့သြစရာပါပဲ။
၂ဝဝ၈ ခုနှစ်က နာဂစ်မုန်တိုင်းကြီးကလဲ မွှေလိုက်တော့ အပင်ကြီးငယ်တွေဟာ တစ်ပင်ပေါ်တစ်ပင်ထပ်လို့ အလဲလဲအပြိုပြို ဖြစ်ခဲ့ပြန်ပါတယ်။ အဲ့ဒီအခါ အနီးပတ်ဝန်းကျင်ရွာတွေဟာလဲ မုန်တိုင်းကြီးရဲ့ဒဏ်ကြောင့် ရွာလုံးကျွတ်၊ အိမ်လုံးကျွတ် ပျက်ခဲ့ကြလေတော့ အသက်မသေဘဲကျန်ရှိတဲ့ ခိုကိုးရာမဲ့ပြည်သူတွေအတွက် နေအိမ်ကလေးတွေပြန်ဆောက်နိုင်ဖို့ မိန်းမလှကျွန်းကြီးအတွင်း လေလှဲပင်တွေကို ခုတ်ယူကြဖို့ ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။
"---မြစ်ဝကျွန်းပေါ်ဒေသ တစ်ခွင်လုံးမှာ အလှပဆုံး၊ အသာယာဆုံး အကြီးမားဆုံး ကျွန်းကြီးတစ်ကျွန်းဟာ အသိမဲ့တဲ့ စီးပွားရှာသမား အရူးတွေရဲ့ ဓားအောက်မှာ ပျောက်ဆုံးကုန် ခန်းသွားရမယ်ဆိုရင်---"
အခုတော့ ပိုလို့ခုတ်လို့ကောင်း နေကြပါပြီ။ လေလှဲလို့လဲတဲ့ အပင်ရော၊ လေမလှဲဘဲ လူလှဲတဲ့အပင်ရော ခုတ်လိုက်ကြတဲ့အတွက် ကျွန်းကြီးရဲ့အတွင်းမှာ ရှင်းသွားခဲ့ပါပြီ။ တောတိရစ္ဆာန်ကလေးတွေဆိုရင်လဲ တောဝက်လောက်နဲ့ ခွေးအလောက်သာ ကျန်ရှိပါတော့တယ်။ အတော်ကလေး ရှားပါးသွားခဲ့ပါပြီ။ မိန်းမလှကျွန်းညို ကြီးနဲ့အတူ ဘေးမဲ့တောဖြစ်တဲ့ ဗြုန်းမွေးကျွန်းလဲ အတူတူဖြစ်ခဲ့ပါပြီ လေလှဲလို့ ပြိုလဲခဲ့ရတဲ့အပြင် လူကလဲလှဲဆိုတော့ ပိုဆိုးသထက် ဆိုးခဲ့ပါတော့တယ်။ တစ်နေ့ကို ဓားအလက်တစ်ရာလောက်က အမြဲလိုလို လှဲနေမယ်ဆိုရင် နောင်နှစ်အနည်းငယ်အတွင်းမှာ လွင်တီးခေါင်ကွင်းပြောင်ပြောင်ဘဝကို မလွဲမသွေ ရောက်သွားနိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ လောက်က မိန်းမလှကျွန်းညိုကြီးနဲ့ ဒီကနေ့ မိန်းမလှကျွန်းညိုကြီးတို့ရဲ့ အခြေအနေဟာ အလွန့်အလွန်ကို ကွာခြားနေပါပြီ။ မြစ်ဝကျွန်းပေါ်ဒေသ တစ်ခွင်လုံးမှာ အလှပဆုံး၊ အသာယာဆုံး အကြီးမားဆုံး ကျွန်းကြီးတစ်ကျွန်းဟာ အသိမဲ့တဲ့ စီးပွားရှာသမား အရူးတွေရဲ့ ဓားအောက်မှာ ပျောက်ဆုံးကုန် ခန်းသွားရမယ်ဆိုရင် အလွန့်အလွန်ကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။ အသိမဲ့လို့ ခုတ်ကြလုပ်ကြတဲ့ ပြည်သူတွေကို အပြစ်မဆိုသာပေမယ့် သူတို့တစ်တွေကို အသိတရားတွေရလာအောင် ပိတ်တောတစ်တောရဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို နားလည်သဘောပေါက်အောင် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပညာပေးစည်းရုံးနိုင်ဖို့ အထူးလိုအပ်လှပါတယ်။
တစ်ဘက်မှာ ပညာပေးစည်းရုံးတာတွေလုပ်သလို၊ တစ်ဘက်မှာလဲ ထိထိရောက်ရောက်တားမြစ် စောင့်ရှောက်မယ်ဆိုပါရင် မိန်းမလှကျွန်းညိုကြီးရဲ့ အနာဂတ်သာယာလှပစေရေးနဲ့ ရှေးယခင်ကလို စိမ်းစိမ်းစိုစို ညို့ညို့မှိုင်းမှိုင်းနဲ့ အပင်ချင်းယှဉ်၊ အကိုင်းချင်းဆက်၊ အခက်ချင်းဝေ၊ အရွက်ချင်းထပ်လို့ ပြွတ်သိပ်ရောနှောပြီး ပေါက်ရောက်နေကြတဲ့ ရေငန်ကြိုက် သဘာဝပေါက်ပင်ကလေးတွေနဲ့အတူ၊ တောတိရစ္ဆန်ကလေးတွေ၊ ကျေးငှက်သာရကာလေးတွေ မြူးတူးပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ရေးအတွက် နဂိုမူလအခြေအနေဆီကို ပြန်မရောက်သည့်တိုင်အောင် အလွန်နီးကပ်တဲ့ အခြေအနေဆီကိုတော့ ပြန်ရောက်နိုင်ပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒီရေရောက်သစ်တောကြီးတွေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်တဲ့ သူတွေကသာ ထိရောက်စွာကူညီပံ့ပိုး တွန်းအားပေးကြမယ်ဆိုရင် မိန်းမလှကျွန်းညိုကြီးဆိုတဲ့ အမည်နာမနဲ့ လိုက်လျောညီထွေ စိမ်းစိုညို့မှိုင်း၊ လန်းဆန်းပြီး သာယာလှပတဲ့ ကျွန်းကြီးမဟာအဖြစ် ယနေ့မှ နောင်နှစ်ပေါင်းများစွာ တည်တံ့နေဦးမှာဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါတယ်။
ဈေးကွက်ဂျာနယ် အင်တာနက်စာမျက်နှာ www.zaygwet.com တွင် ဖော်ပြထားသောဆောင်းပါး ဖြစ်သည်။
Sunday, June 03, 2012
အိမ့်သံစဉ်
ရှမ်းခေါင်းဆောင်များနှင့် တောင်ကြီးမြို့ရောက် ကိုကိုကြီး ဓာတ်ပုံ- ၈၈
ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁- ၅၇၇ ၆၅၆
Email- 88generation.k3@gmail.com
ရက်စွဲ- ၁၊ ဇွန်၊ ၂၀၁၂
နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေ စိုးမိုးရေး
“နိုင်ငံတော် ” ဆိုသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ကြိမ်ရေအများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည်ထင်သည်။ ရာစုနှစ်ဝက်ခန့်ရှိသည့်တိုင် “နိုင်ငံသားများ” အနေဖြင့် အဓိပ္ပါယ်ဗလုံး ဗထွေး ဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ကြရပြီးဖြစ်သည်။
အမှန်စင်စစ် “အစိုးရ ” နှင့် “နိုင်ငံတော် ” ကို လုံးထွေးသုံးစွဲခြင်းသာဖြစ်သည်။ နိုင်ငံတော်အကြည်ညို ပျက်အောင် လုပ်ခြင်း - ပုဒ်မ ၁၂၄(က)ကို ကျင့်သုံးနိုင်ရန်အတွက် “နိုင်ငံတော် ” ဆိုသည်မှာ “ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် တည်ထောင် ခန့်အပ်သော အစိုးရ ” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံသားများနှင့် အစိုးရအကြား ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း၊ အရေးယူ ရုတ်သိမ်းခြင်းများကို သဘောတူချုပ်ဆိုသော ပဋိဉာဉ်စာချုပ်ပင်ဖြစ်သည်။
ပဋိဉာဉ်စာချုပ်တစ်ခု တရားဝင်ခိုင်မာမှုရှိစေရန်မှာ ခြိမ်းခြောက်ခြင်း၊ ဖျားယောင်းသွေးဆောင်ခြင်း တစ်စုံတရာ မပါ ဘဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာလျက်ရှိစဉ် မိမိဆန္ဒသဘောအလျောက် ချုပ်ဆိုသော စာချုပ်ဖြစ်ရန် လိုအပ် သည်။
ဤအချက် သည် စာချုပ်၏ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုက်နာ ဖော်ဆောင်ရမည့် နိုင်ငံသားများနှင့် အစိုးရအဖွဲ့အစည်း အဆင့်ဆင့်၏ ဂုဏ်သိက္ခာ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင်လျှင် “ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှ ဆင်း သက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် ” ဟူ၍ နိုင်ငံတော်အခြေခံမူများ၊ အခန်း(၁)၊ ပုဒ်မ(၄)တွင် အတိအလင်း ပြဋ္ဌာန်း ထားသည်။
ထို့ကြောင့် နိုင်ငံတွင်းရှိ ဥပဒေအားလုံး၏ အမြင့်ဆုံးဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံသားများထံမှ ဆင်းသက်ခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာကို ကျင့်သုံးခြင်းသည် တရားမ၀င်ကြောင်း၊ နိုင်ငံတော်ဟူ၍ သတ် မှတ်ခေါ်ဝေါ်ခြင်း မပြုနိုင်ကြောင်း ထင်ရှားပေါ်လွင်ပြီးဖြစ်သည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၂၁) နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညို ပျက်စေ မှု ဆိုင်ရာ ပြဋ္ဌာန်းချက်များအရလည်း “ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ ” ဟူ၍ အတိအလင်း ဖွင့်ဆိုပြဋ္ဌာန်းချက်အရ အခြားနည်းဖြင့်တည်ထောင်ဖွဲ့စည်းသော အစိုးရများကို နိုင်ငံတော်ဟူ၍ မသတ်မှတ်ကြောင်း သိသာထင်ရှားပြီးဖြစ်သည်။
နိုင်ငံရေးသိပ္ပံပညာရပ်အရ “ နိုင်ငံတော် ” ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း နိုင်ငံတော်၏ အင်္ဂါရပ်များ အဖြစ် -
၁။ ပထ၀ီနယ်နိမိတ်
၂။ နိုင်ငံသား
၃။ အစိုးရ နှင့်
၎။ အချုပ်အခြာအာဏာ ဟူ၍ ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းဖွင့်ဆိုချက်သည်ပင် နိုင်ငံရေးစနစ်အားလုံးအတွက် ခြုံငုံဖွင့်ဆိုချက်ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ကျင့်သုံးသည့် နိုင်ငံများအတွက်သာ သီးခြားပြဋ္ဌာန်းချက်မျိုး မဟုတ်ပေ။
ထို့ကြောင့်လည်း သက်ဦး ဆံပိုင်ဘုရင်အစိုးရ၊ လူနည်းစုမှူးမတ်များအုပ်ချုပ်သည့်အစိုးရ၊ တစ်ပါတီအာဏာရှင်၊ စစ်အာဏာရှင် အစိုးရများ သည်ပင်လျှင် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
မိမိကိုယ်မိမိ နိုင်ငံတော်ဟူ၍ မသတ်မှတ်နိုင်ပေ။ အစိုးရနှင့် နိုင်ငံတော်ကို ထပ်တူပြု၍ မရပေ။
“ နိုင်ငံတော်ဆိုတာ ငါဘဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာဘဲ ” ဟူ၍ သမိုင်းတွင်ခဲ့သည့် စကားကို သုံးစွဲခဲ့သူမှာ ပြင်သစ်နိုင်ငံမှ (၁၆)ဆက်မြောက် လူဝီဘုရင် ဖြစ်သည်။ နိဂုံး မကောင်းခဲ့ပါ။
အာဏာရှင်နိုင်ငံ များ တွင် အစိုးရများက “နိုင်ငံတော် ” ဆိုသည့်ဝေါဟာရကို ပုဂ္ဂလိကပိုင်ပြုလုပ် သုံးစွဲခဲ့ရာမှ “ အမည်ခံ နိုင်ငံတော် ” ၏ အခန်းကဏ္ဍမှာ အတိုင်းအဆမရှိ ကြီးမားနေပြီး နိုင်ငံသားများ၏ အခန်း ကဏ္ဍ မှာ မှေးမှိန်ပျောက်ကွယ် ခဲ့ရသည်။
ယနေ့ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းသည် တစ်စတစ်စ ကျယ်ပြန့် ကြီး ထွားလာ နေပြီဖြစ်သည်။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် နိုင်ငံသားများ၏အခန်းကဏ္ဍသည် အခြေခံ မဏ္ဍိုင်ဖြစ်သည်။
နိုင်ငံသားများ၏အခန်းကဏ္ဍ ကြီးမားအရေးပါလာခြင်း၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ မြင့်မား လာခြင်း သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြှင့်တင်ခြင်းပင်ဖြစ်သည်။ နိုင်ငံသားများ၏ အခန်းကဏ္ဍကို ပစ်ပယ်သည့် အစိုးရများ၊ နိုင်ငံသား အခွင့်အရေး များကို ပိတ်ပင်ညှင်းပန်းသည့် အစိုးရများကို နိုင်ငံတကာ မိသားစုများ က ဝေဖန်ပြစ်တင်ခြင်း၊ အရေးယူ ပိတ်ဆို့ခြင်းများ သည်လည်း အထင်အရှားပင်ဖြစ်သည်။
နိုင်ငံတော်၏ ပုံရိပ် ထိခိုက်နိမ့်ကျခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဖြင့်သာ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပေ မည်။
တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ စိုးမိုး အုပ်ချုပ်ခြင်းနှင့် လုံးဝ ဆန့် ကျင် ခြားနားသည်။
တရားဥပဒေစိုးမိုးသည့် အခြေအနေတွင် လူပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးသည် တရား ဥပဒေရှေ့ မှောက်တွင် တန်းတူသာဖြစ်သည်။ တရားဥပဒေအရ သတ်မှတ်ထားသည့် အခွင့်အရေး၊ တာဝန်၊ လုပ်ပိုင်ခွင့်များ အတိုင်း သာ ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံတွင် တရားဥပဒေသည် နိုင်ငံသားများကို ကာကွယ် စောင့်ရှောက်ရန် နိုင်ငံသားအခွင့်အရေးများကို အာမခံနိုင်ရန် နိုင်ငံသားများ၏ အကျိုးကို ရှေ့ရှု ပြ ဋ္ဌာန်းရမည်ဖြစ်သည်။
တည်ဆဲဥပဒေများသည် နိုင်ငံသားများ ဘက်မှ ရပ်တည်သလော၊ အုပ်ချုပ်သူ များဘက်မှ ရပ်တည် သလော ပြန်လည် ဆန်းစစ် ဝေဖန်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။
အထူးသဖြင့် နိုင်ငံတော် နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေများကို ပြန်လှန် သုံးသပ်၍ ပြုပြင်ပယ်ဖျက်ပေးပါရန် တင်ပြ တောင်းဆိုရမည့် အချိန်လည်း ဖြစ်သည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေအချို့ကို တင်ပြ ဆွေးနွေး သွားပါမည်။
၁။ (၁၉၀၇)ခုနှစ် ကျေးရွာနှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်း
ဤဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်း ခဲ့သော အစိုးရသည် ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဖြစ်သည်။
သက်တမ်း အားဖြင့် (၁၀၅)နှစ် ရှိခဲ့ပြီဖြစ်သည်။ (၁၈၈၅)ခုနှစ် မြန်မာဘုရင် သီပေါမင်းအစိုးရကို ဖမ်းဆီး ကျွန်ပြုပြီး နောက်ပိုင်း မြန်မာမျိုးချစ်များ ၏ လက်နက်ကိုင်ပုန်ကန်မှုကို ဓါးပြမှု၊ လုယက်မှု၊ သောင်းကျန်းမှု များအဖြစ် ချိုးနှိမ် စွပ်စွဲပြီး ပြင်းပြင်း ထန်ထန် နှိမ်နင်း ခဲ့ သည့် ကာလလည်းဖြစ်သည်။
(၁၉၀၄)ခုနှစ်၊ ရုရှား - ဂျပန် စစ်ပွဲတွင် ဂျပန်က အနိုင်ရခဲ့ပြီး မြန်မာမျိုးချစ်များအကြား အာရှသားများ ၏ အောင်ပွဲအဖြစ် အမျိုးသားရေးစိတ်ဓါတ်များ စတင် နိုးကြားလာသည့် ကာလလည်းဖြစ်သည်။
ထို့ကြောင့်လည်း အုပ်စိုးသူအစိုးရ၏ လုံခြုံ ရေး လိုအပ်ချက်အရ ကိုလိုနီနိုင်ငံသားများ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ရန် ဤဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
ဤဥပဒေ အနှစ်တစ်ရာကျော်လာသည့်အချိန်ထိ ဆက်လက်ကျင့်သုံးနေခြင်းကို အလေးအနက် ပြန်လည် သုံးသပ် ကြရပေတော့မည်။ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာ သည့် အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်းတိုင်ကြားရခြင်းမရှိဘဲ မိမိနိုင်ငံတွင်း ခရီးသွား လည်ပတ်သည့်အခါ ဧည့်စာရင်းတိုင်ကြားရမည်ဆိုသည့် အချက်ကို နှိုင်းယှဉ်သုံးသပ်ရန်လိုအပ်ပေလိမ့်မည်။
နိုင်ငံသားအားလုံး သန်းပေါင်း(၆၀)ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (suspected) အဖြစ် သတ်မှတ်ခံရသည့်သဘော ဖြစ်သည်။ ဧည့်သည်အဖြစ် သွား ရောက်လည်ပတ်သည့် တည်းခိုသည့် ဧည့်သည်များသည်လည်းကောင်း၊ လက်ခံခွင့်ပြုသည့် အိမ်ရှင်များသည်လည်းကောင်း၊ နိုင်ငံသား အားလုံးသည် ယုံကြည်စိတ်ချဖွယ်ရာမရှိသည့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်နိုင်ဖွယ်ရှိသည့်သူများအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
ရံဖန်ရံခါဖြစ်ပေါ်တတ်သည့် ဗုံးကွဲမှုတစ်ချို့ရှိခဲ့ခြင်းအတွက် နိုင်ငံသားသန်း (၆၀)က ၀န်ထုတ် ၀န်ပိုး တစ်ခု အဖြစ် လိုက်နာ နေကြရခြင်း ဖြစ်သည်။ ဧည့်စာရင်းဥပဒေကြောင့်လည်း ယင်းဖြစ်ရပ်များကို ကာကွယ် နိုင်ခြင်း မရှိပါ။ နိုင်ငံတွင်း အဂတိ လိုက်စားမှု၊ ခြစားမှုများကြောင့် အမှန်တကယ် ကျူးလွန်မည့်သူများအတွက်မူ ယင်းဥပဒေကို ကျော်လွှားနိုင်သည့် အခြေ အနေများ ရှိနေပြီးဖြစ်ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင် ယင်းဥပဒေကြောင့် စာရွက်စာတမ်း၊ အချိန်၊ လုပ်အားဆုံးရှုံးမှုများ သည် နိုင်ငံ တော်အတွက် လေလွင့် ပြုန်းတီးမှုများပင်ဖြစ်သည်။ အဆိုးဝါးဆုံးမှာ မြန်မာနိုင်ငံသားများအနေဖြင့် ရုံးပြင်ကနားဆိုလျှင် အထိတ်ထိတ် အလန့်လန့်ဖြင့် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု၊ ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုပင်ဖြစ်သည်။
မူရင်းကျေးရွာနှင့်မြို့ပြအက်ဥပဒေပါ မြို့ပြအက်ဥပဒေပုဒ်မ(၄)တွင် “ဤဥပဒေအာဏာသက်ရောက် ရမည့်မြို့ များကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်နိုင်သည် ” ဟု သီးခြားပြဋ္ဌာန်းထားသည် ကို တွေ့ရှိရပါ သည်။
ဆိုလိုသည်မှာ အစိုးရ၏ လုံခြုံရေးလိုအပ်ချက်ကြောင့် ထုတ်ပြန်သော အက်ဥပဒေ တွင်ပင်လျှင် တစ်နိုင်ငံလုံး အတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဤဥပဒေကျင့်သုံးရန် လိုအပ်မည့် ကာလအလျောက် လိုအပ်မည့်မြို့ များကိုသာ သတ်မှတ်ကျင့် သုံး ရမည်ဟု အထင်အရှား ပြဋ္ဌာန်းထားသည်ကို သတိပြုရန်လိုပေ လိမ့်မည်။
မူရင်းပြဋ္ဌာန်း ကျင့်သုံးခဲ့သည့် တိုင်းတပါးအစိုးရပင်လျှင် ၄င်း၏လုံခြုံရေးအတွက် စိုးရိမ်ရသည့် မြို့များမှအပ အခြားပြည်သူ ( နိုင်ငံသားများ) အားလုံးအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ဂရုတစိုက် သတ်မှတ် ပြဋ္ဌာန်းမည် ဟု ဆိုလိုသည်။
သို့သော် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ( ၆၀ ) ခန့် ကြာခဲ့သည့်အချိန်တွင် နိုင်ငံ နယ်နိမိတ်အတွင်း ကာလ၊ ဒေသ မရွေး သက်ရောက်နေသည်ကို တွေ့ရသည်။ တရားဥပဒေဆိုသည်မှာ မပြဋ္ဌာန်းမီ ဥပဒေချိုးဖောက်သူ မရှိဘဲ၊ ပြဋ္ဌာန်းလိုက်သည့် အချိန်တွင်မှ ဥပဒေချိုးဖောက်သူများ အဖြစ် ရောက်ရှိသွား ရခြင်းဖြစ်သည်။
ပြဋ္ဌာန်းရန်မလိုအပ်သည့် ဥပဒေများ၊ လိုက်နာရန်မလွယ်ကူသည့် ဥပဒေများကို ပြဋ္ဌာန်းလိုက်ခြင်းသည် နိုင်ငံသားများအား ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့လိုက်သည့်သဘောလည်း ဖြစ်သည်။ နိုင်ငံသားများ၏ ဂုဏ်သိက္ခာကိုထိပါးစေခြင်းလည်းဖြစ်သည်။
အထက်ပါဥပဒေ၏ ကျေးရွာအက် ဥပဒေပုဒ်မ (၁၅) ပိုဒ်ခွဲ(၂) တွင် ဧည့်စာရင်းတိုင်ထားသည့် ဧည့်သည်ပြန် သွားလျှင် အိမ်ရှင်က သတင်းပို့ တိုင်ကြားရမည်ဟု ဆက်လက် ပြဋ္ဌာန်းထား သည်ကို တွေ့ရှိရသည်။ သို့သော် မည်သည့်အိမ်ရှင်ကမှ ဧည့်သည် ပြန်သွားပြီဖြစ်ကြောင်း သတင်းပို့တိုင်ကြားလေ့မရှိပေ။
ဆိုလိုသည်မှာ နိုင်ငံသားအားလုံးအနေဖြင့် သိလျှက် ဖြစ်စေ၊ မသိ၍ဖြစ်စေ ယင်းဥပဒေကို ချိုးဖောက်မိ လျှက်သား ဖြစ်နေ ပေသည်။ ထို့ကြောင့် (၁၉၀၇)ခုနှစ် ကျေးရွာ နှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်း တိုင်ကြားရခြင်း ဥပဒေသည် နိုင်ငံသား အားလုံးအား သံသယ ဖြစ်ဖွယ်၊ မယုံကြည်ရသည့်သူများ(suspected) အဖြစ် ဂုဏ်သိက္ခာထိပါးစေပြီး ဥပဒေချိုးဖောက်သူ များ အဖြစ် တွန်းပို့နေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ ရှိရပါသည်။
၂။ (၁၉၅၀)ခုနှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
ဤဥပဒေကို ပြဋ္ဌာန်းသည့်ကာလသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးစ ရောင်စုံလက်နက်ကိုင် ပုန်ကန်မှုများ ကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့် ကာလ(အရေးပေါ် အခြေအနေ ဖြစ်ပေါ် နေသည့် ကာလ) ဖြစ်သည်။ အမှန်စင်စစ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ ( တရားဥပဒေ စိုးမိုးနေသည့် အခြေအနေ) တွင် ပြစ်မှု ဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုများပင် ဖြစ်သည်။
သို့သော် ယင်းကာလက တည်ဆဲအစိုးရ အနေ ဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူ ကျင့်သုံး နိုင်သည့် အခြေအနေ မရှိခြင်းကြောင့် အရေးပေါ်စီမံမှုအက်ဥပဒေ ကို အရေးတကြီး ပြဋ္ဌာန်း ကျင့်သုံးရခြင်း ဖြစ်သည်။
နိုင်ငံတော်တစ်ဝန်းလုံးသည် အရေးပေါ်အခြေအနေအောက်တွင်တည်ရှိနေသည်၊ ပုံမှန်အခြေအနေ ပျက်ပြားနေ သည်ဟု ဆိုလိုသည်။
ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းမရှိဘဲ အစဉ် တစိုက် ကျင့်သုံး ခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပေပြီ။
တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်(၇)နှစ် အစား (၁၉၈၈) စစ်အာဏာသိမ်းပြီးနောက် အနှစ် (၂၀)၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။
နိုင်ငံတကာမိသားစုအလယ်တွင် မြန်မာနိုင်ငံတော် သည် ပုံမှန်အခြေအနေ မရှိသည့်နိုင်ငံ၊ အရေးပေါ် အခြေအနေ ပြဋ္ဌာန်းထားရသည့်နိုင်ငံအဖြစ် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အကြီး အကျယ် ထိခိုက်စေသော ဥပဒေပင်ဖြစ်သည်။
၃။ (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂)
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက် များ၊ နိုင်ငံသားများ၏ အခန်းကဏ္ဍ သတ်မှတ်ချက်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အဆင့်အတန်း ဂုဏ်သိက္ခာကို ထင်ဟပ် ဖော်ပြခြင်းလည်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်လက်များတွင် အငြင်းပွားဖွယ်ရာ လက်မခံနိုင်သည်များ ပါဝင်နေခြင်း၊ ရေးဆွဲ စဉ် သဘော တူညီမှုမရ၍ ချန်လှပ်ထားခဲ့ရခြင်းများ ဖြစ်ပေါ်လေ့ရှိပါ သည်။
ပြောင်းလဲလာသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး လိုအပ်ချက်များအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင် ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ် နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းကို အခန်းတစ်ခန်း သီးသန့်ရေးဆွဲ ပြဋ္ဌာန်းရပါသည်။
နိုင်ငံတော်ကို ထိခိုက်နာကျင်မှု နည်းနိုင်သမျှ နည်းလမ်းဖြင့် ပြုပြင် ပြောင်းလဲရာတွင် အရေးကြီး လှသဖြင့် ရေနွေးငွေ့ ဗွိုင် လာအိုးအတွင်း ဖိအားများလွန်းသည့်အခါ ပေါက်ကွဲမှု မဖြစ်စေရန် အသုံးပြုသည့် လုံခြုံရေးအဆို့ရှင် (safety valve) အဖြစ်လည်း တင်စားသုံးနှုန်းလေ့ရှိပါသည်။
တင်းကျပ်လွန်းလျှင် ပေါက်ကွဲထွက်နိုင်သည့် အန္တရာယ်မှာ အချိန်မရွေး ဖြစ် ပေါ်လာနိုင်ပေသည်။
လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် ယခုချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခု ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ခါစ မြန်မာနိုင်ငံတော်ကို ပါတီစုံ ဒီမို ကရေစီ စနစ်၊ လွှတ်တော်နှစ်ရပ်စနစ်ကို အခြေခံ၍ (၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြ သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း(၁၁)၊ ပုဒ်မ(၂၀၉)၊ အပိုဒ်ခွဲ(၃)တွင် လွှတ်တော် နှစ်ရပ်ရှိ အမတ် များ၏ သုံးပုံနှစ်ပုံအောက်မလျော့သော အမတ်များ (၆၇ ရာခိုင်နှုန်း) က အတည်ပြု လျှင်..ဟု ပြဋ္ဌာန်းထားခြင်းကြောင့် နိုင်ငံ သားများ၏ အလိုဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင် ရန် သင့်တင့်လျှောက်ပတ်သည့် အခွင့်ရေးရှိသည်ကို တွေ့ရပါသည်။
သို့သော် (၁၉၆၂) ခုနှစ်၊ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပိုက်မှုကြောင့်(၁၉၄၇) ခုနှစ် အခြေခံဥပဒေမှာ ပျက်ပြား သွားခဲ့ ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုအစိုးရအဖွဲ့၊ တည်ဆဲလွှတ်တော်နှစ်ရပ်နှင့် နိုင်ငံရေးပါတီများ အသင်းဖွဲ့များအားလုံးကို ဖျက်သိမ်းပြီး တစ်ပါတီစနစ်၊ လွှတ်တော်တစ်ရပ်စနစ်ကို အခြေခံသည့် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ယင်းဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၅)၊ ပုဒ်မ(၁၉၄)တွင် အပိုဒ်ခွဲ (က)ပါ ပုဒ်မများကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာခိုင်နှုန်း သဘောတူညီချက် ရယူပြီး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ ထက်ဝက်ကျော်ထောက်ခံမှုဖြင့် ပြင် ဆင်ရမည်ဟူ၍ ပြဋ္ဌာန်းထားပေသည်။
၁၉၈၈ ကာလ၊ နိုင်ငံသားမျာ၏ ပြုပြင်ပြောင်းလဲလိုသောဆန္ဒအရ နိုင်ငံတော်ကို ပြု ပြင်ပြောင်းလဲနိုင်ရန် ခက်ခဲတင်းကျပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းလုပ်ထုံးလုပ်နည်းများကြောင့် အုံကြွ ပေါက် ကွဲပြီး ၁၉၇၄ အခြေခံဥပဒေကို ဖျက်သိမ်းကာ စစ်တပ်မှ အာဏာသိမ်းယူမှုထပ်မံဖြစ်ပွားခဲ့ရပေသည်။
ပြီးခဲ့သည့် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ရပ်စလုံး၏ လွှတ်တော်များမှာ နိုင်ငံသားများမှ တိုက်ရိုက် ရွေးချယ် တင် မြှောက်သော လွှတ်တော်ကိုယ်စားလှယ် (၁၀၀) ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော် များဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရမူ နိုင်ငံသားများမှ တိုက်ရိုက်ရွေးချယ် တင်မြှောက် လိုက်သော လွှတ်တော်ကိုယ်စားလှယ် အရေအတွက်သည် လွှတ်တော်နှစ်ရပ်စလုံး၏ (၇၅) ရာခိုင်နှုန်း သာရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆၊ အပိုဒ်ခွဲ (က)တွင် ပြည်ထောင်စု လွှတ်တော် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။
၁၉၇၄ အခြေခံဥပဒေတွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခို်င်နှုန်းကျော်ဟု ပြဋ္ဌာန်း ထားပြီး ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၇၅ ရာခိုင်နှုန်းဆိုသည်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း (ရာနှုန်းပြည့်)က ပြင်ဆင်လိုသည့်တိုင် ပြင်ဆင်ခွင့်မရှိဟု အဓိပ္ပါယ် သက်ရောက်ပေသည်။
နိုင်ငံသားမဲဆန္ဒရှင်များ၏ ဆန္ဒ၊ ဂုဏ်သိက္ခာကို ထိပါးညှိုးနွမ်းစေသည့် သဘောကို ဆောင်နေပေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်လက် အသေးစိတ်များနှင့်ပက်သက်၍ မဆွေးနွေးလိုသေးသည့်တိုင် ခေတ် ကာလ အလိုက် ပြောင်းလဲနေသော နိုင်ငံသားများ၏ လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေး လုပ်ငန်းစဉ် များတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မှေးမှိန်ထိခိုက်နေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၄ ပါ “ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ ထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်” ဟူသောပြဋ္ဌာန်းချက် စစ်မှန်စွာ အသက် ဝင် ခန့်ငြားလာစေရန် နိုင်ငံတကာ မိသားစုအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်စေရန် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မြင့်မားလာစေရန်မှာ တရားမျှတသောဥပဒေများ ရှင်သန်ထွန်းကား လာရန် လိုအပ်သည်။
ယခုတင်ပြဆွေးနွေးခဲ့သည်များမှာ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ် နေသည့် ဥပဒေအချို့ကို ကောက်နှုတ်ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။ တရားဥပဒေကို အုပ်ချုပ်ရေးအဖွဲ့စည်းများ စိတ်ကြိုက် လိုသလို အဓိပ္ပါယ်ဖွင့်ဆိုအသုံးချနေသည့်၊ အသုံးချနိုင်သည့် ဥပဒေများကိုလည်း ဆက်လက် ဆွေးနွေး နိုင်ကြရန် လိုအပ်မည် ဖြစ်ပါသည်။
တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာအတွက် အခြေခံအုတ်မြစ် ဖြစ်သည့် အားလျှော်စွာ….
ဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်းတန်းတူဖြစ်ပါသည်။
ဥပဒေအထက်တွင် မည်သူမျှ မရှိစေရပါ။
ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားများ
၂၀၁၂ ခုနှစ်၊ ဇွန်လ၊ ၁ရက်၊ ညနေ (၃)နာရီ တော်ဝင်နှင်းဆီ တွင် ပြုလုပ်သော"ရှေ့နေများကွန်ယက်"၏ ဥပဒေ ရေးရာဆွေးနွေးပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဖတ်ကြားသည်။
Sunday, June 03, 2012
အိမ့်သံစဉ်

ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးထိမိုးမိ ရွှေလုပ်ကွက်
ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တွေ နဲ့ ကုမ္ပဏီတာဝန်ရှိတဲ့ GM ဦးထွန်းအောင်စိုး ခေါင်းဆောင်တဲ့ ရှယ်ယာ မန်ဘာများက ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနေ့မှာညှိနှိုင်းလို့ မရဘူးဖြစ်နေပါတယ်။
မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်းအတွင်မှာ မိုးထိ မိုးမိဒေသမှာ ရှိတဲ့ ရွှေတူးလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အသေးစား တစ်ပိုင် တစ်နိုင် လုပ်ငန်းများ ကို နိုင်ငံတော်မှလေလံအောင်ထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီက လုပ်ငန်းများကို ၅-၅-၂၀၁၂ နေ့ မှစတင်ရပ်ဆိုင်းခိုင်းတဲ့အတွက် လုပ်ငန်းများပြန်လည် လုပ်ကိုင်နိုင်ရန် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ် နေ တာဖြစ်ပါတယ်။
အသေးစားရွှေတူးတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ၁၆-၉-၂၀၁၁ နေ့ကစတင်တာ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီ က အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ်လို့ စတင်ဖိတ်ခေါ်ကာ အစိုးရဆီကနေ လေလံအောင်တဲ့ ဧက ၆၁၀၅ မှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အကျိုးတူ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာမှာ ကုမ္ပဏီက ငွေအင်အား၊ လူအင်အား၊ စက်ပစ္စည်းတစုံတစ်ရာ စိုက်ထုတ်ပေး တာ မဟုတ်ပဲ အသေးစာလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းဖြစ်မြောက်ရေးအတွက် အားလုံး အရင်းအနှီး မတည်ကာ လုပ် ဆောင် လာခဲ့ရတာဖြစ်ပြီး၊ အခုလိုလုပ်ငန်းတွေ အောင်မြင်ခါနီး အချိန်မှာ (တစ်ချို့လုပ်ငန်းတွေအောင်မြင်နေ) အကြီးစား မိုင်းတွင်းတွေ ရွှေလုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းရှင်တွေကို လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ အမိန့်ပေး တဲ့ အတွက် အခုလိုဆန္ဒပြကြတာပါ။
ဆန္ဒပြတဲ့နေရာမှာ ပါဝင်တဲ့ သူတွေကတော့ အသေးစား လုပ်ငန်ရှင်တွေ၊ မိုင်းတွင်းလုပ်သား (ဇုန် ၁၂ ဇုန်မှ) (ဒေသခေါ် အင်း လုပ်သားတွေ) နဲ့ ဒီဒေသမှာ ဈေးရောင်း၊ ဆိုင်ကယ်အငှားလိုက်နဲ့ အငှား အထမ်းသမား (အင်းတွေက ထွက်တဲ့ဗြုန်း အိတ် ထမ်း) တဲ့ လူတွေ၊ ပြီးတော့ရွှေကျင်တဲ့အမျိုးသမီးတွေနဲ့မိသားစုတွေပါဝင်နေတာဖြစ်ပါတယ်။
အကျိုးတူပူးပေါင်းဆောင်ရွက်မယ်လို့ စတင်ကာ ကုမ္ပဏီက ဖိတ်ခေါ်စဉ်က သူတို့ငါးနှစ် လေလံအောင်ထားတာ ခင်ဗျားတို့ နဲ့ ငါးနှစ်လက်တွဲသွားမယ်၊ နောက် ဒီထက်အဆင်ပြေရင် နောင်နှစ်ပေါင်းများစွာ လက်တွဲသွားမယ်လို့ မက်လုံး ပေးထားခဲ့ တာပါ။
အမျိုးသားကြီးပွားတိုးတက်ရေးကုမဏီက အစိုးရဆီကနေ ၅ နှစ်လေလံ မှာ ရွှေတန်ချိန် ၅ ဒသမ ၅၇၇ တန်ပေးဆောင်ရ မယ် ဆိုပြီးလေလံအောင်ခဲ့တာဖြစ်ပါတယ်။
အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းရှင်အသေးစားတွေကိုတော့ သူတို့ မိုင်း (ဒေသခေါ် အင်း၊ Adit) တွေကထွက် တဲ့ ဗြုန်း(ရွှေပါတဲ့ကျောက်) ကို တစ်ဝက်ခွဲပေးရတာပါ။
အခုလိုလုပ်ငန်းတွေကိုရပ်ဆိုင်းဖို့ ကုမဏီက အမိန့်ထုတ်ပြန်လိုက်တဲ့အတွက်ကြောင့် ဒီရွှေထွက်တဲ့ ဒေသကို မှိခို လုပ်ကိုင် စားသောက်နေတဲ့ မိုင်းလုပ်သားတွေရဲ့မိသားစု၊ ကျောင်းနေအရွယ်ခလေးငယ်တွေရဲ့ ဘ၀တွေဟာ မရေရာတဲ့ အနာဂါတ် တွေ၊ ရည်ရွယ်ချက်တွေ ပျောက်ဆုံး ကုန်တယ်လို့ ရွှေလုပ်ငန်းကို လုပ်ကိုင်နေတဲ့ မိုးထိမိုးမိ ဒေသက လူတွေ အားလုံးရဲ့ နှုတ်မှာ ကြားနေရပါတယ်။ အခုလုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့ အချိန်မှာလည်း သူတို့တွေရဲ့ စားဝတ်နေရေးတွေ ဒုက္ခရောက် နေကြပါတယ်။
ကုမဏီ က သတင်းဌာနတွေကို သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီရှင်းလင်းပွဲမှာတော့ ဒီလုပ်ငန်းတွေ ကို နားလိုက်ရတာဟာ ၀န်းကြီးဌာနရဲ့လမ်းညွှန်ချက်ကြောင့် ရပ်ဆိုင်းခဲ့ရတာဖြစ်ပြီး၊ နိုင်ငံတကာမိုင်း လုပ်ငန်းတွေလုပ်ကိုင် ဖို့ ရှိနေတာကြောင့် အခုလို ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Sunday, June 03, 2012
အိမ့်သံစဉ်

ဓာတ်ပုံ- Popular Myanmar News Journal
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နံနက် ၉ နာရီ မထိုးမီမှာပဲ ထိုင်း TG လေကြောင်းလိုင်း လေယာဉ်နဲ့ ရန်ကုန်မြို့ကို ချောမောစွာ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်ဖို့ ဖိတ်ကြားခဲ့ရ တဲ့အတွက် ၄ ရက်တာ ထိုင်းခရီးစဉ်ကို နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံ ပြည်ပခရီးထွက်ခဲ့တာပါ။
ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ကိစ္စများကို ထိုင်းအစိုးရ တာဝန်ရှိသူများနဲ့ အလေးထားဆွေးနွေးခဲ့ပါတယ်။
အထူးသဖြင့်တော့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ မြန်မာ ဒုက္ခသည်များအရေးတွေပါဘဲ။ မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း-မြန်မာ နယ်စပ်က လူဦးရေး ၅ သောင်းဝန်းကျင်ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါသေးတယ်။
အဲဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းတဲ့ပစ္စည်းတွေကိုလည်း ဒုက္ခသည် စခန်းက တာဝန်ရှိသူ တချို့ကတဆင့် ပေးအပ်ခဲ့ပါတယ်။
Saturday, June 02, 2012
zarny win
Saturday, June 02, 2012
အိမ့်သံစဉ်

ထိုင်းမြန်မာ နယ်စပ်ကို ဒီကနေ့ ရောက်ရှိလာခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်း ဓာတ်ပုံများကို စုစည်းတင်ပြလိုက်ပါတယ်။

မယ်လစခန်းရှိ မြန်မာများ

လြုံခုံရေးတင်းကျပ်စွာဖြင့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘော်ဒီကတ် မမ


မယ်လစခန်းရှိ လူမျိုးပေါင်းစုံ ကြိုဆိုမှု

သံစူးကြိုး ကြားမှ ကလေးငယ်


ဒုက္ခသည်စခန်းရှိ နေအိမ်များ

Saturday, June 02, 2012
အိမ့်သံစဉ်

ဓာတ်ပုံ- FP
ပြည်ပရောက် မြန်မာအတိုက်အခံများထဲက ထင်ရှားသူတဦးဖြစ်တဲ့ ပါရဂူဘွဲ့ဆည်းပူးနေသူ ကိုမင်းဇင် က Foreign Policy အွန်လိုင်း မဂ္ဂဇင်းမှာ It’s time for Aung San Suu Kyi to get serious about management ဆိုတဲ့ “စနစ်တကျ စီမံဆောင်ရွက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အရေးတကြီး လုပ်ဆောင်ဖို့ အချိန်တန်ပြီ” ခေါင်းစဉ်နဲ့ ရေးသား တင်ပြထားပါတယ်။ Foreign Policy မဂ္ဂဇင်းဆိုတာကလည်း အလွန်သြဇာ ကောင်းတဲ့ သတင်းဌာန တခုလည်း ဖြစ်ပါတယ်။
ကိုမင်းဇင်က ရေးသားတင်ပြထားချက်များအနေနဲ့ အထူးသဖြင့်တော့ NLD ပါတီ အနေနဲ့ သတင်းမီဒီယာများ နဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေဖို့ အတွက် အကြံပြု ရေးသားလိုက် တာ လည်း ဖြစ်ပါတယ်။ လူထု ဆက်ဆံရေး အားနည်းချက်များ များစွာရှိနေတယ်လို့ NLD ပါတီအပေါ် ဝေဖန်မှု တွေ ဆင့်ကဲ ထွက် ပေါ်လာ နေလို့လည်း ဖြစ်ပါတယ်။
မကြာသေးမီကပဲ NLD ခေါင်းဆောင်တဦးလည်းဖြစ်၊ ၀ါရင့် သတင်းစာဆရာကြီးတဦးလည်းဖြစ်တဲ့ ဦးဝင်းတင်က NLD ပါတီအပေါ် မီဒီယာများက ဝေဖန်ထောက်ပြပါမှ ပါတီဟာ ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
မကြာမီမှာတော့ ဒီဆောင်းပါး အပြည့်အစုံကို ဧရာဝတီမှာ မြန်မာလို ဖတ်ရှု့နိုင်တော့မှာဖြစ်ပါတယ်။
အခုတော့ မူရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
This week, The New York Times covered Aung San Suu Kyi's visit to Thailand -- the first foreign trip for Burma's opposition leader in 25 years. Many people who have dealt with Suu Kyi and her political entourage over the years say that the Times report, which described a striking lack of organization in the upper ranks of the National League for Democracy (NLD), was spot-on.
Last week, Suu Kyi's staff turned down a request for a meeting from Paul Collier, one of the world's top economists. Their excuse: The Lady was busy. "Perhaps her staffers don't know who Collier is," one source in the opposition told me. "The Burmese opposition movement has missed the chance to benefit from a great mind." Meanwhile, government newspapers covered have reported that ministers and presidential advisors gave Collier plenty of time.
Prominent experts from the Burmese exile community, many of them with valuable experience acquired in their years abroad, say that the NLD is ignoring them even while the government is actively soliciting their services. "There is no proper mechanism set up by Suu Kyi for Burmese researchers to play a contributing role to the opposition movement," says a Burmese scholar who graduated from a top U.S. university and visited Rangoon a few months ago.
The NLD is also having problems with reporters. Lately there have been increasing tensions between the NLD and local journalists. In early May, a member of Suu Kyi's security staff manhandled a local photojournalist who tried to take pictures of the Lady. Local reporters say that the bodyguards abused them, saying: "You media people are doing this for money. We don't make a f---ing penny. We face jail time because we're doing politics."
Many NLD members suffered under the previous regime. But Suu Kyi, who holds to a rigorous moral code, rightly tends to dismiss those who bring this up. She once famously said: "If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it." Moreover, since many journalists (and activists-turned-journalists) were also imprisoned by the military regime for their political and professional work, the self-righteousness and arrogance of the NLD members are likely to backfire.
Local reporters have complained in the past few weeks that the NLD no longer issues open invitations to the media to cover important political events, such as Suu Kyi's recent meeting with India's Prime Minister Manmohan Singh.
Maung Wuntha, a well-respected veteran journalist and a former leading member of the NLD in 1988, told me that the NLD staffers who are close to Suu Kyi need to learn how to work in a more media-friendly manner: "Many of them tend to see journalists as careerists who do not have any principles and commitment to the interests of the country. This perception is a serious problem. Unless they realize that journalists are doing a public service, we aren't going to see any fundamental improvement in relations between politicians and reporters."
Another public criticism of Suu Kyi and her staff has come from an unexpected source: staunch NLD supporters outside of Burma. Eight major Burmese exile organizations -- including such dedicated and well-connected groups such as the Network for Democracy and Development, the Women's League of Burma, and the Human Rights Education Institute of Burma in Thailand - asked for some face time with Aung San Suu Kyi during her visit in Bangkok, but to no avail. For perhaps the first time since 1988, many prominent exiled activists came together to express their frustration in the Burmese-language media. "We feel sad," said Khin Ohmar, NDD chairwoman, told The Irrawaddy, a leading Burmese-language magazine. "We have worked tirelessly for our country since 1988. We can't go home, so while our leader's visiting us here, we all would like to meet her and exchange views and experiences."
You can find signs of frustration not only on the Thai-Burmese border, but also in the capitals of the United States and Europe. Several lobbyists who relentlessly advocated on behalf of Suu Kyi and her "principle-centered policy" of economic sanctions for decades are now disoriented by the Lady's apparent lack of coordination and inability to delegate. A dedicated Suu Kyi advocate told me he's been trying to get in touch with the NLD's information department for months to arrange a conversation between Suu Kyi and the president of a newly democratizing Asian country, but his correspondence has gone unanswered.
Of course, it's not fair to blame Suu Kyi for all these problems, given that the party's organization is still weak. Most party activists (including herself) have spent long periods in detention - perhaps the most important among many legitimate excuses for the problem. By now, though, it's high time for Aung San Suu Kyi and her party to step back, practice self-criticism, and think aloud about whether they have burned too many bridges too quickly in this transitional phase. Perhaps what Suu Kyi needs is not just an entourage, but a full-blown chief of staff with a proper team that is capable of strategic planning and management and can support her in the decision-making process. Moral courage and clarity are hugely important in politics, but you also need the capacity to cultivate your base and craft sound policies if you really want to get things done.
Saturday, June 02, 2012
အိမ့်သံစဉ်

ဒီမနက် ၉ နာရီခွဲလောက်က မဲဆောက်လေဆိပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ဒီကနေ့မှာ ထိုင်း- မြန်မာနယ်စပ်က မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပါတယ်။ မယ်လ ဒုက္ခသည် စခန်းမှာ ၁၀ နာရီကျော်လောက်ရောက်ပြီး စခန်းမှာ ရှိတဲ့ ထိုင်း တာဝန်ရှိသူများနဲ့ မြန်မာဒုက္ခသည်များရဲ့ အခြေအနေကို မေးမြန်းပါတယ်။

ဒုက္ခသည် စခန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုက္ခသည်တွေနဲ့ နီးနီးကပ်ကပ် အားပေးစကား မပြောလိုက်ရပါဘူး။ ဒုက္ခသည်တွေကတော့ ပျော်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ ကို မြင်လိုက်ရလို့ ၀မ်းသာနေကြပါတယ်။

ဒုက္ခသည်စခန်းက အပြန်မှာတော့ ပထမ မှာတော့ ထိုင်းနယ်စပ်မှာ ဖွင့်လစ်ထားတဲ့ ဒေါက်တာ စင်သီယာမောင် မယ်တော် ဆေးခန်းကို လာရောက်မယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သွားရောက်မှု မရှိဘဲ လေဆိပ်သို့ တန်သွားပြီး သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတကြီး မျှော်လင့်ချက်တကြီးနဲ့ စောင့်ဆိုင်းနေရတဲ့ မဲဆောက် မြန်မာများ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြန်မောင်းသွားတဲ့ ကားထဲက လက်ပြတာလေးကိုပဲ နှစ်သိမ့်ရင်း မျက်ရည်တွေနဲ့ စိတ်မကောင်းစကားဆိုသူများလည်း ရှိကြပါတယ်။
ဒီအတွက်လည်း မဲဆောက်က မြန်မာ အလုပ်သမားတွေနဲ့ မြန်မာ အသိုင်းအ၀ိုင်းက အတော်စိတ်မကောင်းဖြစ် ပြီး ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်စုကြည် ယနေ့ထိုင်းမြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ့် မြင်တွေ့ ရတဲ့ ဓာတ်ပုံများကို စုစည်းတင်ပြလိုက်ပါတယ်။
Saturday, June 02, 2012
အိမ့်သံစဉ်
မြန်မာပြည်က လူရွှင်တော်ကြီးကိုတော့ လန်ဒန်က ပါဖွန်းမင့် မြန်မာဘီလူးကြီးက ဟီသရိုးလေဆိပ်မှာ ကြိုဆိုနေတာပါ။
လေဆိပ် လုံခြုံရေးတင်းကြပ်ထားပေမယ့် ဘယ်လိုမှ တားဆီးအရေးယူမူ မရှိပါဘူးတဲ့။ မြန်မာနိုင်ငံမှာတော့ ပါဖွန်းမင့် လုပ်တဲ့ ၇ ယောက်ကို တားမြစ်ဖမ်းဆီးမှု လုပ်ခဲ့တယ်။
ဒီလို လုံခြုံရေးကင်မရာတွေ ထောင့်ပေါင်းစုံက တင်းကြပ်ထားတဲ့ နိုင်ငံတကာလေဆိပ်ကြီးထဲမှာ ဘယ်ကလူမှန်း မသိ ခေါင်းစွပ်ကြီးစွပ်ပြီး ကြို တင်ခွင့်ပြုချက်မရှိပဲ ခုလို လူတယောက်ဝင်လာတာ၊ ဓါတ်ပုံတွေရိုက်နေတာကို ၊လူတွေက ၀ိုင်းကြည့်နေပါတယ်တဲ့။
ဒါပေမယ့် ဘယ်ပုလိပ်ကမှ လာမတားခဲ့သလို လေဆိပ်ထဲခုမှ ရောက်လာတဲ့ ဒီမြန်မာပြည်က လူရွင်တော်ကြီးကို ပြည်နှင်ဒဏ်လဲမပေးပါဘူး။ မြန်မာပြည်ရဲ့ ယဉ်ကျေးမှု အသဲနှလုံး မန္တလေးမြို့ရဲ့ အထင်ကရ ကျုံးဘေးမှာ မြင်မြင်ထင်ထင် မှာ ပါဖေါင်းမင့်အနုပညာလုပ်မိလို့ အတွေးအခေါ် ဆန်းသစ်မှုတွေရှိတဲ့ မြန်မာအနုပညာရှင် (၇)ဦး ကတော့ အမှုရင်ဆိုင် နေရပါသတဲ့။
Saturday, June 02, 2012
Khet Htan
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသည့် မဲဆောက်မြို့မှ မြန်မာများ (ဓာတ်ပုံ - ကိုအောင်မျိုးမင်း/Facebook)
Saturday, June 02, 2012
Sithu Linn
(ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ စနေနေ့ မနက်ပိုင်း မဲဆောက်မြို့ကို လေကြောင်းခရီးနဲ့ သွားရောက်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားက မယ်လ (ဘဲကလော်) ဒုက္ခသည်စခန်းကို သွားတဲ့ လမ်းမှာ သူ့ကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး စောင့်ကြိုနေကြတယ်လို့ မဲဆောက်မြို့ရောက် ဧရာဝတီသတင်းထောက်က ဆိုပါတယ်။
မယ်လစခန်းမှာ မြန်မာပြည်သား စစ်ပြေး ဒုက္ခသည် အများအပြား ခိုလှုံနေကြပါတယ်။
“ကျမတို့ဆီကို ဒေါ်အောင်ဆန်းစုကြည် လာတဲ့အတွက် အများကြီး ၀မ်းသာပါတယ်” လို့ မဲလစခန်းမှာ ရှိတဲ့ လူမှုရေးဝန်းထမ်းတဦးဖြစ်သူ နော်ဒေးဒေးဖိုးက ဧရာဝတီကို ပြောပါတယ်။
“ကျမတို့ စိတ်ချလက်ချ၊ သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့ သူ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ နော်ဒေးဒေးဖိုးက ဆက်ပြောပါတယ်။
Saturday, June 02, 2012
အိမ့်သံစဉ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ၉ ကြိမ်မြောက် အာရှ မီဒီယာ ထိပ်သီးဆွေးနွေးပွဲ ၂၀၁၂ အတွက် ရောက်နေ တဲ့ ပြန်ကြား ရေး ၀န်ကြီး ဦးကျော်ဆန်းဟာ တချိန်က ပြည်ပ သတင်းဌာနများနဲ့ပတ်သက်ပြီး အဆိုးမြင်သူ တယောက်အဖြစ်ကနေ အခုတော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တော့မှာပါ။
အခုတော့ မီဒီယာကို မီဒီယာနဲ့ ပူးတိုက်တဲ့ တိုက်ကွက်ကို ဦးကျော်ဆန်းတယောက် ဖော်ဆောင်နေပါပြီ။
ဘန်ကောက်မြို့ကို ရောက်နေတဲ့ ဦးကျော်ဆန်းဟာ ပြည်ပ သတင်းဌာနကြီးများ ဖြစ်ကြတဲ့ ဗြိတိန်နိုင်ငံက BBC, ဂျာမဏီ နိုင်ငံက DW, ပြင်သစ် နိုင်ငံက CFI စတဲ့ သတင်းဌာနကြီးများက တာဝန်ရှိသူများနဲ့ မြန်မာ့ မီဒီယာ လုပ်ငန်း အဆင့်မြင့်စေ ရေး၊ တိုင်းရင်းသား အစီအစဉ် ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းများ တိုးချဲ့ထုတ်လုပ်ရေး၊ MRTV အတွက်လည်း ရုပ်/သံ ရိုက် ကူး၊ ထုတ်လုပ် ကျွမ်းကျင်လုပ်သားများ ပိုမိုအားကောင်းပြီး ကမ္ဘာ့ အဆင့်မီလာစေရေးတို့အတွက် ဆိုပြီး သက်ဆိုင်ရာ ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများပေးရေးနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်တဲ့။
Saturday, June 02, 2012
Sithu Linn
(AFP photo)
ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မျှော်လင့်ချက်ထားသော်လည်း မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Facebook အသုံးပြုရန် မျှော်လင့်ထားခြင်းမရှိချေ။
အသုံးပြုသူ သန်း ၉၀၀ ရှိသော လူမှုကွန်ရက် Facebook နှင့် ထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည်တွင် အစီအစဉ်ရှိမရှိ ယမန်နေ့က ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။
ပြီးခဲ့သည့် ၂၂ နှစ်အတွင်း ကာလများစွာ ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်က နည်းပညာသစ်တခုအား လေ့လာ အသုံးပြုရန် ပြဿနာ မရှိကြောင်း၊ သို့သော်လည်း အချိန်ပေးနိုင်ရန် ခက်ခဲဖွယ် ရှိကြောင်း ပြန်လည် ဖြေကြားလိုက်သည်။ အချိန်ပေးနိုင်သည့် ကာလသို့ ရောက်လျှင် Facebook သုံးမည်ဟုလည်း ပြောဆိုလိုက်သည်။
“နည်းပညာသစ်တွေ ပြောင်းလဲနေတဲ့ကာလမှာ ရှေ့ဆက်ပြီး ဘာဖြစ်လာမယ် ဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး။ Facebook ဟာ အနာဂတ်မှာ ခေတ်စားချင်မှ စားတော့မယ်။ အဲဒီလိုဆိုရင်တော့ ကျမ Facebook သုံးတော့မှာ မဟုတ်ဘူး” ဟု ညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် မြန်မာပြည်သားများ အင်တာနက် အသုံးပြုရာတွင် အစိုးရ၏ ပိတ်ဆို့မှုများနှင့် ကြုံခဲ့ရသည်။ ယမန်နှစ်က ရွေးကောက်ခံရပြီး ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေသည့် စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရက ပိတ်ဆို့မှုအများစုကို ဖြေလျှော့ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းခံရရာမှ လွတ်မြောက်အပြီး မကြာမီ နေအိမ်တွင် အင်တာနက် အသုံးပြုခဲ့သည်။
(AP သတင်း တပုဒ်ကို မိုးမခက ဘာသာပြန်သည်)
ညွှန်း http://moemaka.com/
မူရင်း AP သတင်းကို www.irrawaddy.org/archives/5589 Suu Kyi Too Busy for Facebook မှာ ဖတ်နိုင်ပါပြီ။
Saturday, June 02, 2012
Sithu Linn